မဲခေါင်၊ အောက်တိုဘာ ၂၂
ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။
ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ အောက်ဘက်သို့ မီတာ ၂၀၀ ခန့်အကွာတွင် အသစ်တည်ဆောက်ထားသည့် လုပ်ငန်းခွင်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသားများကို စုစည်းထားကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ယင်းနေရာသို့ ရောက်ရှိလာသူများအနက် အချို့သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း မူဆယ်မြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများအပေါ် စစ်ဆေးဖမ်းဆီးမှုများနှင့် လုံခြုံရေး အခြေအနေများကြောင့် ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာသူများ ဖြစ်နိုင်ကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ထူးခြားသည်မှာ တရုတ်အကူအညီဖြင့် ကျားဖြန့်အကြောင်းပြကာ ၁၀၂၇ စစ်ဆင်ရေးများ ဆင်နွှဲခဲ့သည့် MNDAA ၏ ပိုင်နက်အတွင်းရှိသည့် အဆိုပါနေရာသို့ ကျားဖြန့်များ ရောက်ရှိလာနေခြင်းဖြစ်သည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် ယခုနှစ်အတွင်း ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်၍ ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းက ယင်းသို့ ပြောင်းရွှေ့လာခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
ဩဂုတ် ၂၃ ရက်တွင် မူဆယ်မြို့၊ ကောင်းမုတုံရပ်ကွက်အတွင်း နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၃၁ ဦးကို ကွန်ပျူတာ၊ ဖုန်း၊ Starlink စက်များနှင့် ယာဉ်များနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများဘက်က ထုတ်ပြန်ထားသည်။
ထို့ပြင် မေလအတွင်း စွမ်စော်ရပ်ကွက်ရှိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည်ဟုဆိုသည့် နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၃၄ ဦး စုစုပေါင်း ၃၈ ဦးကို ဖမ်းဆီးခဲ့ပြီး ဖုန်း ၁၅၅ လုံးနှင့် ကွန်ပျူတာ ၃၀ လုံး အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
မူဆယ်ဒေသတွင် ကျားဖြန့်လုပ်ငန်းများကို စစ်ဆေးဖမ်းဆီးမှုများ ရှိနေပြီး ယင်းလုပ်ငန်းများသည် နယ်စပ်ဒေသများမှ အခြားနေရာများသို့ ရွှေ့ပြောင်းတည်ရှိလာနိုင်ကြောင်း လေ့လာချက်များလည်း ရှိသည်။
ISP-Myanmar ၏ လေ့လာချက်အရ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာများ၏ တည်နေရာပြောင်းလဲမှုများကို တွေ့ရှိရပြီး မူဆယ်၊ လားရှိုး၊ တန့်ယန်း၊ တောင်ကြီးနှင့် မန္တလေး အပါအဝင် နေရာအများအပြားတွင် ကျားဖြန့်လုပ်ငန်းများ ပေါ်ပေါက်လာကြောင်း ဖော်ပြထားသည်။
လက်ရှိ ပန်ဆိုင်း၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် စုစည်းနေပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ မဲခေါင်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဒေသတွင်းတွင် ကျားဖြန့်လုပ်ငန်းများနှင့် လူကုန်ကူးမှုများသည် တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းလုပ်ကိုင်လာနိုင်သည့် အခြေအနေရှိကြောင်းလည်း သုတေသနအဖွဲ့များက ထောက်ပြထားသည်။
Myanmar Witness ၏ လေ့လာချက်တွင်လည်း မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာများသည် လူကုန်ကူးမှုနှင့် အတင်းအကျပ် အလုပ်ခိုင်းစေမှုများနှင့် ဆက်စပ်နေတတ်ကြောင်း ဖော်ပြထားသည်။
#MeKongNews
#မူဆယ်
#ပန်ဆိုင်း
#ဝမ်တိန်
#ကျားဖြန့်
#MNDAA
#အွန်လိုင်းငွေလိမ်လုပ်ငန်း








