မဲခေါင်၊ အောက်တိုဘာ ၂၀
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း DSNDA က အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ ကျည်အိမ် ၆ ခု၊ ကျည်ဆန်များနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း DSNDA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
DSNDA ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တပ်ဖွဲ့ဝင်များ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း DSNDA က ဆိုသည်။
ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများကို လမ်းပြခြင်း၊ သတင်းပေးခြင်းနှင့် ပူးတွဲနေထိုင်ခြင်းများ မပြုလုပ်ကြရန် DSNDA က သတိပေးထားသည်။
#MeKongNews
#ရွာငံ
#သာစည်
#စစ်ကောင်စီ
#တိုက်ပွဲဖြစ်၏
#DSNDA








