မဲခေါင်၊ အောက်တိုဘာ ၁၂
စွမ်းအင်အပစ်အခတ်ရပ်စဲမှုကို ရုရှားနှင့်ယူကရိန်းက သဘောတူညီလိုက်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် ထိုလုပ်ရပ်ကို ထောက်ခံသွားမည်ဖြစ်ကြောင်း ကိဗ်က ပြောကြားသော်လည်း မော်စကိုဘက်က မှတ်ချက် မပေးသေးကြောင်း သိရသည်။
အပစ်ရပ်မှု ချက်ချင်းအသက်ဝင်လာမည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားသော်လည်း အသေးစိတ်အကြောင်းအရာများကို မပြောခဲ့ပေ။
ထရမ့်၏ ကြေညာချက်အပေါ် အံ့အားသင့်ရကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက အစောပိုင်းတွင် ပြောကြားသော်လည်း ယင်းကိစ္စကို ကိဗ်က ထောက်ခံသွားမည်ဟု နောက်ပိုင်း၌ ပြောသည်။
ထရမ့်၏ ပို့စ်တက်လာပြီးနောက်တွင်လည်း ယူကရိန်း၏ စွမ်းအင် နေရာများကို ရုရှားကတိုက်ခိုက်ခဲ့ကြောင်း ဇီလန်စကီးက စွပ်စွဲသည်။
အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်သို့ ဒီဇယ်များ ဖြန့်ဖြူးသွားရေး မကြာသေးမီက သဘောတူညီချက်ကို ရုရှားက ဖြည့်ဆည်းနိုင်ရန် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံ များအပေါ် တိုက်ခိုက်ခြင်းများကို ရပ်တန့်သွားရန် ထရမ့်က ယူကရိန်းကို တိုက်တွန်းနေခဲ့သည်။
ရုရှားနှင့် သဘောတူညီချက်မှာ နိုဝင်ဘာလ လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲမတိုင်မီ အမေရိကန်ပြည်တွင်း ဒီဇယ်ဈေးနှုန်းများကို ဆွဲချရန် ထရမ့်ဆီမှ ထွက်ပေါ်လာသော ကြိုးပမ်းမှုအသစ်တစ်ခုဖြစ်ကာ ယင်းလုပ်ရပ်ကို ဇီလန်စကီးနှင့် အမေရိကန်ပါတီနှစ်ခုစလုံးမှ လွှတ်တော်အမတ်များက ဝေဖန်ခဲ့ကြသည်။
စွမ်းအင်အပစ်အခတ်ရပ်စဲမှု အသက်ဝင်နေပြီဆိုသည်မှာ မိမိအတွက် အသစ်အဆန်းဖြစ်နေကြောင်း ဇီလန်စကီးက အမေရိကန် Axios သတင်းဌာနကို ပြောကြားခဲ့သော်လည်း ရုရှားနှင့်အမေရိကန်ကြား ဆွေးနွေးမှု အသေးစိတ်အချက်များကို သိရှိရရန် ယူကရိန်းဘက်က မျှော်လင့်စောင့်စားနေသည်ဟု နောက်ပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် ရေးသည်။
“ရုရှားစွမ်းအင်ကို မတိုက်ခိုက်ဖို့ ယူကရိန်းက အသင့်ရှိပါတယ်။ ရုရှားဘက်က အလားတူ အသင့်ဖြစ်မှုနဲ့ စွမ်းအင်ကိစ္စမှာ အမေရိကန်နဲ့ သဘောတူညီချက်အပေါ် ကျနော်တို့ အားထားနေပါတယ်” ဟု ဇီလန်စကီး က ပြောသည်။
ကြာရှည်ခံသော စွမ်းအင်အပစ်အခတ်ရပ်စဲမှု ချက်ချင်းစတင်သွားရေး သမ္မတထရမ့်၏ ပြောကြားမှုကို ဗြိတိန်က အခိုင်အမာထောက်ခံသည်ဟု ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်က ပြောကြားခဲ့ပြီး ကနေဒါနှင့် အီးယူတို့ကလည်း ထောက်ခံကြောင်း ပြောကြားကြသည်။
သို့သော် ရုရှားက ကိဗ်မြို့မှ ဓါတ်အားပေးစက်ရုံတစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ စွမ်းအင်ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဇီလန်စကီးက နောက်ပိုင်း၌ ပြောသည်။
အေးကျော်
Ref:BBC
#MeKongNews
#ထရမ့်
#စွမ်းအင်အပစ်အခတ်ရပ်စဲမှု
#ယူကရိန်း
#ရုရှား








