မဲခေါင်၊ စက်တင်ဘာ ၂၄
စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် သမ္မတကတော်မဒမ်ဖန်းတို့အား ပေ ၁၀၀ ကော်ဇော်နီခင်းကာ စစ်တီးဝိုင်း၊ B-1 ဗုံးကြဲလေယာဉ်များ ပျံသန်းခြင်းအပါအဝင် နိုင်ငံတော်အခမ်းအနားအပြည့်အစုံဖြင့် လေဆိပ်ဆင်းကြိုသော အမေရိကန်သမ္မဒေါ်နယ်ထရမ့်ကို ထောက်ခံသူများကပင် ပြန်လည်ဝေဖန်ခဲ့ကြသည်။
ပုံမှန်အားဖြင့် အမေရိကန်သမ္မတများသည် ကမ္ဘာ့ခေါင်းဆောင်များအား အိမ်ဖြူတော်တွင်သာ ခေါ်ယူတွေ့ဆုံလေ့ရှိသော်လည်း ဒေါ်နယ်ထရမ့်နှင့် First Lady မီလာနီယာတို့သည် ရှီကျင့်ဖျင်အား Air Force One လေယာဉ်ကြီးထားရာ အန်ဒရူးလေဆိပ်သို့ ဆင်းကြိုခဲ့ရာ ၁၁ နှစ်အတွင်း ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအား ပထမဆုံးအကြိမ် လေဆိပ်ဆင်းကြိုသည့် အမေရိကန်သမ္မတဖြစ်လာခြင်းကြောင့် ၎င်းပါတီ ရီပတ်ဘလစ်ကန်မှ နိုင်ငံရေးသမားတချို့ကပင် ထရမ့်အား ဝေဖန်ခဲ့ကြသည်။
၂၀၁၂ ခုနှစ်က အမေရိကန်သမ္မတ အိုဘားမားက သံစုံတီးဝိုင်း၊ အမြောက်ပစ်ဖောက်မှုများအပါ နိုင်ငံတော်အခမ်းအနားအပြည့်အစုံဖြင့် ရှီကျင့်ဖျင်ကို ကြိုဆိုခဲ့ရာ ထိုစဉ်က ရုပ်သံအစီအစဉ်များ၌ ပါဝင်ကာ လူသိများနေဆဲဖြစ်သော အဆင့်တွင်သာရှိနေသေးသည့် ဒေါ်နယ်ထရမ့်က အလွန်မှားယွင်းသောလုပ်ရပ်ဟု လူမှုကွန်ရက် Twitter (ယခု X) တွင် ရေးသားဝေဖန်ခဲ့ဖူးသည်။
သို့သော်မေလက ပေကျင်းသို့သွားစဉ် ၎င်းအား နိုင်ငံတော်အခမ်းအနားအပြည်ဖြင့် ရှီကျင့်ဖျင်ကြိုဆိုခဲ့သည့် အတိုင်း ဒေါ်နယ်ထရမ့်က လေဆိပ်အထိဆင်းကြိုဆိုခဲ့ရာမှ ဝေဖန်မှုများမြင့်တက်ခဲ့ခြင်းဖြစ်သည်။
“အိမ်ဖြူတော်ကသာ ကျနော့်ကိုခေါ်ပြီး အကြံဉာဏ်တောင်းခဲ့ရင် ရှီကျင့်ဖျင်ကို ဝါရှင်တန်ခေါ်ပြီး ဒီလောက် ကြီးကျယ်တဲ့ အခမ်းအနားမျိုးနဲ့ မကြိုဆိုသင့်ဘူးလို့ အကြံပြုမိမှာပါ။ ဆွေးနွေးမှုတွေ လုပ်နေတဲ့အချိန်တိုင်း အမေရိကန်ရဲ့ တပ်ချုပ်ကြီး(သမ္မတကိုဆိုလို)အနေနဲ့ အချက်တစ်ချက်ကို အမြဲသတိပြုထားရပါမယ်။ အဲဒါကတော့ သူ့ရဲ့ဧည့်သည်ဟာ ရက်စက်ကြမ်းကြုတ်ပြီး ရွေးကောက်တင်မြှောက်ခံထားရခြင်း မရှိဘဲ ဖိနှိပ်အုပ်ချုပ်တတ်တဲ့ အာဏာရှင်တစ်ဦး ဖြစ်တယ်ဆိုတာပါပဲ။ သူဟာ သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးပမ်းနေသူဖြစ်သလို သူ့ရဲ့ ကြီးမားလှတဲ့ စစ်ရေးအင်အားစုစည်းမှုတွေဟာလည်း အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်ချိန်ရွယ်ထားတယ်ဆိုတာ အမြဲသတိထားသိထားရပါမယ်” ဟု တစ်ချိန်က ထရမ့်အား အလွန်ထောက်ခံအားပေးခဲ့သည့် မစ္စစ္စပီပြည်နယ်မှ ရီပတ်ဘလစ်ကန်ဆီးနိတ်အမတ် ရော်ဂျာဝစ်ကာက လွှတ်တော်တွင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုဝေဖန်ခဲ့သည်။
ဝါရှင်တန်သို့ ၃ ရက်တာခရီးတွင် ရှီကျင့်ဖျင်နှင့် ဒေါ်နယ်ထရမ့်တို့သည် AI၊ ရုရှား၊ အီရန်၊ နျူကလီးယားအရေးများ ဆွေးနွေးကြမည်ဖြစ်ကာ ပထမဆုံးအနေဖြင့် နှစ်နိုင်ငံအကြား တင်းမာခဲ့သည့် ကုန်သွယ်ရေးအခွန်စည်းကြပ် မှုသဘောတူညီချက်ကို ဇန်နဝါရီ ၁၀ ရက်အထိ သဘောတူသက်တမ်းတိုးခဲ့သည်။
ယခင် ထရမ့်က တရုတ်ကုန် စည်များအား အခွန်မြင့်မားစွာကောက်ခံမည်ဟု ကြေညာရာ တရုတ်ဘက်ကလည်း ၎င်းတို့ချုပ်ကိုင်ထားသည့် မြေရှားသတ္တုတင်ပို့မှု ပိတ်ပင်သွားမည်ဟု ပြန်လည်ခြိမ်းခြောက်ခဲ့ကာ နောက်ဆုံး တင်းမာမှုများလျှော့ချပြီး ကုန်သွယ်ရေးသဘောတူညီချက်ကို နိုဝင်ဘာ ၁၀ ရက်အထိ စာချုပ်ခဲ့သည်။
ထိုစာချုပ်သက်တမ်းကုန်လုနီးချိန် ယခင်သဘောတူထားကြသည့် အနေအထားအတိုင်း ဇန်နဝါရီ ၁၀ ရက်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် တရုတ်သည် ပြိုင်ဘက်မဖြစ်သင့်ဘဲ မိတ်ဖက်သာဖြစ်သင့်ကြောင်း အမေရိကသို့ ရောက်ရှိချိန်နှင့် တိုက်ပြီး ရှီကျင့်ဖျင်ကလည်း နိုင်ငံပိုင်မီဒီယာတွင် သဘောထားထုတ်ပြန်မှု ပြုလုပ်သွားခဲ့သည်။
ရှီကျင့်ဖျင်အတွက် ယခုခရီးစဉ်သည် ၂၀၁၅ ခုနှစ်နောက်ပိုင်း အမေရိကသို့ ပထမဆုံး ရောက်ရှိလာသော ခရီးစဉ်ဖြစ်သည်။
ကိုကလင်း
Ref:metro
#MeKongNews
#ရှီကျင့်ဖျင်
#ထောက်ခံသူများ
#ထရမ့်
#ပြန်ဝေဖန်








