မဲခေါင်၊ စက်တင်ဘာ ၂၂
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတလျှောက် နယ်စပ်ကုန်သွယ်ရေးဂိတ်၊ အခွန်ကောက်ခံသည့်ဂိတ်နှင့် စစ်ဆေးရေးဂိတ် စုစုပေါင်း ၄၀ ထက်မနည်းရှိသည်ဟု စက်တင်ဘာလထုတ် ISP-Myanmar အစီရင်ခံစာတွင်ဖော်ပြသည်။
ယင်းစစ်ဆေးရေးဂိတ်များသည် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် အများဆုံးရှိနေသည်ဟု ISP လေ့လာတွေ့ရှိချက်များအရ သိရသည်။
ဂိတ်များအား ထိန်းချုပ်ထားမှု အခြေအနေကိုကြည့်ပါက မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းတလျှောက်ရှိ ဂိတ်အများစုကို စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့က အသီးသီး ထိန်းချုပ်ထားသည်ဟုဆိုသည်။
မန္တလေးမှ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နှင့် လားရှိုးမြို့ရှိ လမ်းပိုင်းများတွင် စစ်ကောင်စီတပ်က ဂိတ်များကို ထိန်းချုပ်ထားပြီး သီပေါနှင့် လားရှိုးကြား လမ်းပိုင်းတွင်မူ စစ်ကောင်စီတပ်နှင့် MNDAA တို့၏ ဂိတ်များ ရှိနေသည်။
စစ်ကောင်စီတပ်က သီပေါနှင့် လားရှိုးမြို့များကို ပြန်လည်ထိန်းချုပ်ထားသော်လည်း လက်ရှိအခြေအနေတွင် မြို့ဧရိယာများကိုသာ အဓိက ထိန်းချုပ်ထားနိုင်ပြီး မြို့ပြင် လမ်းပိုင်းများတွင် အခြားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှုများလည်း ရှိနေသည်။
လားရှိုးမြို့မှ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ လမ်းပိုင်းတွင် MNDAA ၏ ဂိတ်များရှိပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုမူ ညီနောင်မဟာမိတ် ၃ ဖွဲ့ (3BHA) က ထိန်းချုပ်ထားကြောင်း ISP လေ့လာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် သိန္နီ-ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကိုလည်း MNDAA က ထိန်းချုပ်ထားပြီး အဆိုပါလမ်းကြောင်းတွင် ကုန်သွယ်ရေးနှင့် ပတ်သက်သည့် အခွန်များကို ကောက်ခံနေကြောင်း ISP ကဆိုသည်။
“ဂိတ်တွေက ၄၀ လောက်တော့ရှိတာသေချာတာပေါ့။ အဲ့ထက်တောင်များနိုင်သေးတယ်။ အများစု လုံခြုံရေးဆိုတာထက် ငွေကောက်ဖို့ လုပ်စားဖို့ဂွင်ဖန်တဲ့ နေရာပဲဖြစ်ကုန်တာပါ။ ကားသမားတွေက အသိဆုံးပဲ။”ဟု ရှမ်းမြောက် ကားဆရာတစ်ဦးကပြောသည်။
အဓိကကုန်သွယ်ရေးလမ်းကြောင်းများအပြင် ရှမ်းမြောက်ဒေသတွင် အသုံးပြုနေသည့် အစားထိုးလမ်းကြောင်းများနှင့် ရှမ်းမြောက်မှ ရှမ်းတောင်ဘက်သို့ ဖြတ်သန်းသွားလာသည့် လမ်းကြောင်းများတွင်လည်း လက်နက်ကိုင်အဖွဲ့အသီးသီးက ထိန်းချုပ်ထားသည့် ဂိတ်များရှိနေသည်။
မန္တလေး-ရွာငံ-ကျေးသီး-လားရှိုး လမ်းကြောင်းရှိ လားရှိုး-မိုင်းရယ်နှင့် လားရှိုး-တန့်ယန်း လမ်းပိုင်းများတွင်လည်း MNDAA နှင့် စစ်ကောင်စီတပ်တို့က အခွန်ကောက်ခံသည့် ပုံစံဖြင့် ဂိတ်များဖွင့်လှစ်ထားကြောင်း လေ့လာတွေ့ရှိရသည်ဟုဆိုသည်။
အဆိုပါလမ်းကြောင်းများမှာ မန္တလေးနှင့် တောင်ကြီးအကြား ကုန်စည်နှင့် လူသွားလာရေးအတွက် အဓိကလမ်းကြောင်းများအပြင် အခြေအနေအရ ပြောင်းလဲအသုံးပြုနေသည့် အစားထိုးလမ်းများလည်း ဖြစ်သည်။
သို့သော် အဆိုပါအစားထိုးလမ်းကြောင်းများတွင် ရှိနေသည့် ဂိတ်အရေအတွက်ကို အတိအကျသိရှိနိုင်ရန် လက်ရှိရရှိထားသည့် အချက်အလက်နှင့် ဒေတာများမှာ အကန့်အသတ်ရှိနေသည်ဟု ISP-Myanmar က အစီရင်ခံစာတွင်ပြောသည်။
#MeKongNews
#မြန်မာ
#တရုတ်
#နယ်စပ်
#ကုန်သွယ်
#ဂိတ်ပေါင်း








