မဲခေါင်၊ စက်တင်ဘာ ၂၀
UFC ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်း ချန်ပီယံ စိန်ခေါ်ပွဲတွင် လက်ရှိချန်ပီယံ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဗန်က စိန်ခေါ်သူ ဘရာဇီးနိုင်ငံသား ပန်တိုဂျာကို အမှတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။
စက်တင်ဘာလ ၂၀ရက် မြန်မာစံတော်ချိန် နံနက်အစောပိုင်းတွင် ယှဉ်ပြိုင်ထိုးသတ်သည့်ပွဲ၌ Ground Fight အားသန်သည့် ပန်တိုဂျာက ချုပ်ကွက်ဖြင့် အနိုင်ယူရန်ကြိုးပမ်းခဲ့သလို လက်ရှိချန်ပီယံ ဗန်ကလည်း ၎င်း၏ အားသာချက်ဖြစ်သည့် ထိုးချက်များဖြင့် အနိုင်ယူရန် ကြိုးပမ်းခဲ့သည်။
ပွဲမှာ အပြန်အလှန်ဖြင့် ကြည့်ကောင်းခဲ့ပြီး မြန်မာပရိသတ်များ သည်းထိတ်ရင်ဖို ဖြစ်ခဲ့ရသည်။ ဗန်မှာ ပန်တိုဂျာ၏ ချုပ်ကွက်များမှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ရသလို ပန်တိုဂျာမှာလည်း ဗန်၏ လက်သီးချက်များကို မနည်းပင် ကာကွယ်ခဲ့ရသည်။
၅ ချီမြောက်တွင် ဗန်၏ ထိုးချက်များ ထိမိခဲ့ပြီး ပန်တိုဂျာလဲကျခဲ့သည့်အတွက် ဗန်အနိုင်ရရန် အလွန်အားကောင်းခဲ့ပြီး ပွဲအပြီးတွင် အလဲမထိုးနိုင်သော်လည်း ဗန်မှာ အမှတ်အသာဖြင့် အနိုင်ရရှိခဲ့သည်။
ပထမအကြိမ် စိန်ခေါ်ပွဲတွင် ပွဲချိန်အစောပိုင်းအတွင်း ပန်တိုဂျာ လက်ကျိုး (တံတောင်ဆစ်အဆစ်လွဲ) ခဲ့သည့်အတွက် ဗန် သက်တောင့်သက်သာ အနိုင်ရခဲ့ပြီး ဝေဖန်မှုများရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ပန်တိုဂျာကို အသာစီးထိုးသတ်ကာ အနိုင်ရပြီး ချန်ပီယံဆုအတွက် ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့သည်။
ဗန်မှာ UFC ၏ အသက်အငယ်ဆုံး ဖလိုင်းဝိတ်တန်း ချန်ပီယံအဖြစ် စံချိန်တင်နိုင်ခဲ့သလို အာရှမှ ပထမဆုံး အမျိုးသား ချန်ပီယံလည်းဖြစ်သည်။
#MeKongNews
#ဂျိုးရှုဝါဗန်
#ဖလိုင်းဝိတ်တန်း
#ပန်တိုဂျာ
#UFC








