မဲခေါင်၊ စက်တင်ဘာ ၁၈
ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ကုန်းယောင်းရွာအနီးတွင် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀ ဦးနှင့် မြန်မာနိုင်ငံသား ၄၀ ဦး၊ စုစုပေါင်း ၅၀ ဦးကို ဖမ်းဆီးရခဲ့ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ကုန်းယောင်းကျေးရွာ၏ ကျားဖြန့်လုပ်ကိုင်သူများကို စက်တင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
Starlink ၂၀ စုံ၊ Laptop ၂၅ လုံး၊ All-in-One Computer ၂၀ လုံး၊ ဖုန်း ၂၁၇ လုံး၊ PC ပုံး ၉ လုံး၊ Printer ၂ လုံး၊ မီးစက် ၁ လုံးနှင့် စားပွဲ၊ ထိုင်ခုံ၊ ပန်ကာများအပြင် အလုပ်ရုံ၊ လူနေဆောင်နှင့် စားချက်ဆောင်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလိုလုပ်ငန်းတွေက ဒေသခံတွေအတွက်လည်း လုံခြုံရေးအရ စိုးရိမ်စရာဖြစ်ပါတယ်။ ရွာနားမှာ အခုလို အွန်လိုင်းလုပ်ငန်းတွေ လုပ်နေမှန်း သိရတာနောက်ကျသလို၊ ဘယ်လိုလုပ်ငန်းမျိုးလဲဆိုတာလည်း ရွာသားတွေက အပြည့်အဝ မသိကြပါဘူး။ ခုအဖမ်းခံရမှ သိရတာပါ” ဟု ကုန်းယောင်းဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများအနက် ပြည်ပနိုင်ငံသားများနှင့် ပြစ်မှုကျူးလွန်သူများကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု စစ်ကောင်စီက ပြောထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို နှိမ်နင်းနေပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်ပြောထားသည်။
#MeKongNews
#ရှမ်းတောင်
#နမ့်စန်
#စစ်ကောင်စီ
#ကျားဖြန့်
#ဖမ်းဆီး








