မဲခေါင်၊ စက်တင်ဘာ ၃
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက မဲခေါင်သို့ ပြောကြားလာသည်။
လားရှိုး-သိန္နီ-ကွတ်ခိုင်-ဟိုပန် ပြေးဆွဲနေသည့် ယာဉ်လိုင်းများအနေဖြင့် ခရီးသည် သို့မဟုတ် ကုန်တင်ပြီး သွားရသည့်အခါ အေတီတံတားဂိတ်စောင့် စစ်တပ်မှ ၎င်းတို့ တောင်းသလောက် မပေးပါက ကားသွားခွင့်မပေးဘဲ ထားသည့်အထိ ငွေတောင်းကြမ်းနေသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ကျနော်က လားရှိုးနဲ့ သိန္နီ ကွတ်ခိုင် ဟိုပန် ပြေးဆွဲနေတဲ့ ကားသမားတစ်ယောက်ပါ။ ကျနော်တို့အနေနဲ့က ခရီးသည်ရရင် ခရီးသည်တင်ပါတယ်။ ခရီးသည်မရရင် ကုန်တွေတင်ပါတယ်။ လားရှိုးမြို့ အေဒီတံတားနားက စစ်ဆေးရေးဂိတ်ကျ ကိုယ်တင်လာတဲ့ ကုန်ပစ္စည်းနဲ့တန်သလောက် လက်ဖက်ရည်ဖိုး ပေးရပါတယ်။ သူတို့ဂိတ်က အဝင် အထွက် ဂိတ်တဲလေးတွေ ၂ ခုစီ ရှိပါတယ်၊ လားရှိုးမြို့အထွက်က ဂိတ်က စစ်သားတွေက သူတို့ကို လက်ဖက်ရည်ဖိုးပေးရင် လက်မခံပါဘူး။ ပိုက်ဆံကို သူတို့တောင်းသလောက် ပေးရမှ ကားကိုလွှတ်ပေးပါတယ်” ဟု ပြောသည်။
၎င်းအပြင် ဘေးချင်းကပ်ဂိတ် တပ်ထိန်း၊ ရဲတို့ကိုလည်း ထပ်ပေးရကြောင်း၊ ယခုပြောသမျှ အထက်လူကြီးများ ကိုယ်တိုင် အရပ်သားအယောင်ဆောင်ပြီး ယင်းဂိတ်ကို စုံစမ်းစစ်ဆေးနိုင်သည်ဟု ယာဉ်မောင်းများက ပြောသည်။
အခြားယာဉ်မောင်းတစ်ဦးကမူ လားရှိုးမြို့တွင်းသို့ ပစ္စည်းလိုက်ချသည့် ကားများကို အဖွဲ့စုံမှ လိုက်လံငွေတောင်းခံသည်များ ရှိနေသဖြင့် ကားသမားများ အခက်ကြုံနေရသည်ဟု ပြောသည်။
“မြို့ထဲကို ရောက်ပြီ၊ ဆိုင်တွေ လိုက်ချပြီဆိုတော့မှ လိုက်ဖမ်းနေ၊ လိုက်တောင်းစားနေတာ။ တစ်ခါကျရင် ငါးသောင်း၊ တစ်သိန်း အဲ့လိုမျိုး၊ နှစ်သိန်း။ အဲ့လိုမျိုး။ တောင်းလို့ အဆင်မပြေဘူးဆိုရင်၊ ပေးနိုင် ပေးနိုင်၊ မပေးနိုင်ဘူးဆိုရင် အာ ကောက်ဖမ်းသွားတာပဲလေ။ စခန်းထဲ ခေါ်သွားလိုက်တော့တာပဲ” ဟု ၎င်းက ဆိုသည်။
လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လာသည့် တစ်နှစ်ကျော်ကာလအတွင်း ဥပဒေမဲ့ လုပ်ရပ်များစွာ ဖြစ်ပေါ်နေသည့်အနက် ယခုလို တရားမဝင် ငွေတောင်းမှုများလည်း ဖြစ်ပေါ်နေခြင်းဖြစ်သည်။
#MeKongNews
#လားရှိုးမြို့နယ်
#အေတီတံတား
#စစ်ဆေးရေးဂိတ်
#ငွေတောင်းကြမ်း








