မဲခေါင်၊ ဩဂုတ် ၃
စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။
ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း ၊ အမက မြို့ဟောင်း၊ အမက နမ့်ပျဉ်၊ အမက ကောင်းလန်း၊ အမက နားညု၊ အလက ပန်ညု ၊ အထက ဆောင်ကြဲ စသည့် အခြေခံပညာကျောင်း (၇) ကျောင်းကို ထပ်မံဖွင့်လှစ်မည်ဟု ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။
ကိုးကန့်တပ်ဖွဲ့က သီပေါဘက်တွင် ထပ်မံဖွင့်လှစ်မည်ဟု ကြေညာလာသည့်ကျောင်းများသည့် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ ပိတ်ပစ်လိုက်သည့် ကျောင်း၁၇ကျောင်းတွင် ပါဝင်သည့်ကျောင်းများဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူများက တောင်းဆိုညှိနှိုင်းခြင်းကြောင်း ဩဂုတ်လ ၂၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည့်ကျောင်းဖြစ်သည်။
“အရင်က စစ်တပ်ဖက်က ပိတ်ခိုင်းလိုက်တဲ့ကျောင်းတွေလေ စစ်တပ်ကပိတ်တော့ ကိုးကန့်က ဖွင့်ပေးမယ်လုပ်တဲ့အခါမှာ စစ်ကောင်စီက ပြန်ဖွင့်ပေးလိုက်တဲ့ ကျောင်းတွေပေါ့။ အခု ကိုးကန့်က သူတို့ဆက်ဖွင့်မယ်လို့ ကြေညာတဲ့အထဲမှာ အဲ့ကျောင်းတွေလည်း ပြန်ပါလာနေတော့ စစ်အစိုးရဖက်က ပြန်ထွက်ပေးရမယ်ထင်တယ်။ အဲ့ကျောင်းတွေက ၁၀ ကျောင်းလောက်က ကိုးကန့်ထိန်းချုပ်နယ်မြေထဲမှာ”ဟု သီပေါဒေသခံတစ်ဦးကပြောသည်။
ထို့အပြင် စက်တင်ဘာ ၁ ရက်နေ့တွင်လည်း ကိုးကန့်အရာရှိနှင့်ကျောင်းဆရာများက စစ်ကောင်စီ ပြန်ဖွင့်ပေးသည့် ကျောင်းသို့ ရောက်လာကာ ကျောင်းများကို ကိုးကန့်တပ်ဖွဲ့က ပြန်လည်ဖွင့်လှစ်မည့်အကြောင်း လာရောက်ပြောဆိုသွားသည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။
“ပန်မိန်း နမ့်ပျဉ်စတဲ့ကျောင်းတွေကို ကိုးကန့်အရာရှိတွေ ရောက်လာတယ်။ ဒီကျောင်းတွေကို သူတို့ ဆက်ဖွင့်မယ့်အကြောင်းတွေ လာပြောသွားတယ်။”ဟု သီပေါမြို့ခံသတင်းရင်းမြစ်ကပြောသည်။
ထို့အပြင် သိန္နီခရိုင်အတွင်းရှိ ကျောင်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အလက စံလောင်း၊ အလက ကုန်းသာ နှင့် အလက နမ့်အွန် ကျောင်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကုံးမုံ၊ ကွန်ခိုက်၊ မြို့ဟောင်း၊ ဆွတ်လန်းနှင့် ပန်ညု ဒေသများရှိ အခြေခံပညာကျောင်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ဟု ကိုးကန့်တပ်ဖွဲ့ကဆိုသည်။
ကိုးကန့်တပ်ဖွဲ့အနေဖြင့် ဒေသတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရန်အတွက် ယခုကဲ့သို့ အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြသည်။
ထိုသို့သော အခြေအနေများကြောင်း ကျောင်းအချို့ကို စစ်ကောင်စီက ပြန်လည်ဖွင့်ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ ကျောင်းသားအများစုမှာ ကျောင်းပြန်တက်ခြင်းမပြုသေးပဲ အခြေအနေကို စောင့်ကြည့်နေကြသည်ဟုလည်း ဒေသခံသတင်းရင်းများကပြောသည်။
“အရင် ကျောင်းဖွင့်တုန်းက အကုန်ကျောင်းတက်ကြပြီ။ လုံခြုံရေးအကြောင်းပြပြီး စစ်တပ်က ပိတ်လိုက်ပြီးနောက် အခုပြန်ဖွင့်ခွင့်ပေးပြီဆိုပေမယ့် ကိုးကန့်ကလည်း သူတို့ဆက်ဖွင့်ပေးမယ်လို့ပြောထားတဲ့အတိုင်း ကျောင်းဆက်ဖွင့်ဖို့ လုပ်နေတာရှိတော့ အခြေအနေကို သေချာငြိမ်တဲ့အထိ စောင့်ကြည့်နေကြတယ်”ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။
စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့-MNDAAသည် တရုတ်ကြားဝင်စွက်ဖက်မှုဖြင့် အပစ်ခတ်ရပ်စဲထားသည့်အပြင် လားရှိုးမြို့တွင် ပုံမှန်တွေ့ဆုံလေ့ရှိသည့် အဖွဲ့ဖြစ်သော်လည်း မြေပြင်စိုးမိုးထိန်းချုပ်ရေးနှင့် ပတ်သက်၍မူ ညှိနှိုင်းနိုင်ခြင်းမရှိသေးပေ။
#MeKongNews
#ရှမ်းမြောက်
#သီပေါ
#စစ်ကောင်စီ
#ကိုးကန့်တပ်
#MNDAA








