မဲခေါင်၊ ဩဂုတ် ၂၇
စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။
ယမန်နှစ်က စင်ကာပူနိုင်ငံရှိ အမျိုးသမီးတစ်ဦ ကလေးမွေးဖွားမှုနှုန်းမှာ ၀ ဒသမ ၈၇ ဦးနှုန်းသာရှိတော့ပြီး ၂၀၂၄ ခုနှစ်က ၀ ဒသမ ၉၇ ဦးနှုန်းရှိရာမှ ထပ်မံကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့မွေးဖွားမှုနှုန်း အနည်းဆုံး တောင်ကိုရီးယား၏ ၀ ဒသမ ၈ ဦးနှုန်းနီးပါး ကပ်လာပြီဖြစ်ခြင်းကြောင့် လူဦးရေ ၆ သန်းသာရှိသည့် နိုင်ငံအနာဂတ်မျိုးဆက်များ မဖြစ်မနေ မွေးထုတ်ပေးရန် လက်တွေ့အကျဆုံး အကောင်းအထည်ဖော်သွားရမည်ဟု လောရန့်ဝေါင်က ကတိပြု ပြောဆိုခဲ့သည်။
အာရှနိုင်ငံအများအပြားတွင် လူဦးရေအကျပ်အတည်း ရင်ဆိုင်နေရသလို စင်ကာပူတွင်လည်း ကုလသမဂ္ဂမှ အလွန်အိုမင်းသူများ (super-aged) အုပ်စုအဖြစ် သတ်မှတ်ထားသည့် ၆၅ နှစ်အထက် လူဦးရေများစွာရှိနေသည်။
လက်ရှိနှုန်းအတိုင်းဆိုလျှင် ၂၀၃၀ ပြည့်နှစ်၌ စင်ကာပူနိုင်ငံသား ၄ ယောက်တွင် တစ်ယောက်နှုန်းမှာ ၆၅ နှစ် အထက်ဖြစ်လာမည်ဖြစ်သည်။
ထို့ကြောင့် လူဦးရေတည်ငြိမ်မှု ရနိုင်သည့် အမျိုးသမီးတစ်ဦးမွေးဖွားနှုန်း ၂ ဒသမ ၁ ဦးဖြစ်လာစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားရမည်ဟု လောရန့်ဝေါင်က ဆိုသည်။
YouGov မှ ကောက်ယူသည့် စစ်တမ်းတွင် ၁၈ နှစ်မှ ၄၄ နှစ်ကြား အရွယ်ရောက်ပြီးသူ နိုင်ငံသား ၅၀၀ နီးပါးထဲ၌ ၄ ပုံ ၁ ပုံမှာ ကလေးယူရန် အစီအစဉ်မရှိကြောင်း သိရသလို အစိုးရမှ ထိရောက်သည့် ထောက်ပံ့မှုမျိုးလည်း လုပ်ပေးမည်ဟု မယုံကြည်ကြောင်း ၃၀ ရာခိုင်နှုန်းက မဲပေးခဲ့ကြသည်။
“လက်ရှိမွေးဖွားသူတွေကိုပဲ မှီခိုအားထားမယ်ဆိုရင် နိုင်ငံသားဦးရေ လျော့နည်းလာမယ်။ ကျနော်တို့လည်း ပိုပြီးမြန်မြန်နဲ့ အိုလာကြမယ်။ တိုးပွားလာနေတဲ့ သက်ကြီးရွယ်အိုတွေနေရာမှာ အစားဝင်မယ့် ငယ်ရွယ်သူတွေ စင်ကာပူမှာ နည်းနည်းလာမယ်”ဟု လောရန့်ဝေါင်က ပြောသည်။
မွေးဖွားနှုန်းမြင့်တက်ရေး ကလေးတစ်ဦးမွေးသည့် မိဘကို စင်ကာပူဒေါ်လာ ၇ သောင်း (ပေါင် ၄ သောင်း) ပေးရာတွင် တစ်လုံးတစ်ခဲတည်း ပေးခြင်းမျိုးမဟုတ်ဘဲ မွေးပြီးစ၌ စင်ကာပူဒေါ်လာ ၁၀၀၀၀၊ အထက်တန်း ပညာအောင်မြင်ပြီးချိန် ၁၇ နှစ်အရွယ်တွင် စင်ကာပူဒေါ်လာ ၁၀၀၀၀ တို့အားပေးပြီး ကြားကာလများတွင် အရစ်ကျပုံစံဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
အစိုးရတိုက်ခန်းနေထိုင်ခွင့် လျှောက်ထားမှုများတွင် ကလေးမွေးပေးသော မိဘများအတွက် ပိုမိုအခွင့်အရေးပေးရန်လည်း ပြင်ဆင်ထားသလို ယခင် ကလေးမွေးဖွားပြီးချိန် မိခင်များ ကလေးစောင့်ရှောက်ခွင့်ရက်များ၌ ကုမ္ပဏီများက တစ်စိတ်တစ်ပိုင်း ငွေစိုက်ပေးနေရမှုကို အစိုးရဘက်မှ အကုန်အကျခံပေးသွားမည်ဟုလည်း ဆိုသည်။
နေ့ကလေးထိန်းကျောင်းလခများ လျှော့ချပေးရေး၊ ကျန်းမာရေး၊ ပညာရေးထောက်ပံ့ကြေးများလည်း ပိုမိုထောက်ပံ့ပေးသွားရေးကို လုပ်ဆောင်ပေးမည်ဖြစ်ကာ ရင်သွေးယူရန် ကြိုးစားမည်ဆိုသည့် မိဘတိုင်း သိထားရမည်မှာ အစိုးရသည် ကလေးယူသည့်မိဘများနှင့် အတူရှိနေစေမည်ဟု လောရန့်ဝေါင်က ကတိပြုပြောဆိုခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#မွေးဖွားနှုန်း
#ကျဆင်း
#ရင်သွေးတစ်ဦး
#စင်ကာပူ
#မက်လုံးပေး








