မဲခေါင်၊ ဩဂုတ် ၂၆
ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ သံသယတရားခံ မယ်ဟောင်ဆောင်ဒေသခံတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
မယ်ဆိုင်၊ ချင်းမိုင်း၊ ချင်းရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုမှ တာဝန်ရှိသူများ ပူးပေါင်းကာ ယင်းစုံစမ်းရှာဖွေမှုကို လုပ်ခဲ့ကြခြင်းဖြစ်ရာ ရပ်ထားသည့် အနက်ရောင် SUV ကားအတွင်း အထုပ် ၃ ထုပ်ဖြင့် ထုပ်ထားသည့် ICE ၁၀၀ ကီလိုဂရမ်ကို သိမ်းမိပြီးနောက် အနီးအနား ပေါင်ဖရပ်ရှိ ဘန်အွာအာသွန်အိမ်ရာထဲမှ အိမ်တစ်လုံးသို့ သွားရောက်စစ်ဆေးခဲ့သည်။
ထိုအိမ်တွင် မယ်ဟောင်ဆောင်၌ နေထိုင်သည့် ၅၂ နှစ်အရွယ် ဆစ်တီချိုင်းဆိုသော အမျိုးသားကို အဖြူရောင် ဆီဒင်ကားတစ်စီးနှင့်အတူ တွေ့ရှိရပြီးနောက် မေးမြန်းစစ်ဆေးရန် ချင်းမိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုသို့ ခေါ်ဆောင်ခဲ့သည်။
ဆစ်တီချိုင်းနောက်ကြောင်းအား စုံစမ်းရာ ယခုနှစ် မတ်လအတွင်းက ၎င်းသည် ထိုင်းနိုင်ငံအတွင်း အထောက်အထားမပြည့်စုံ၊ မရှိဘဲ နေထိုင်ကြသည့် ပြည်ပနိုင်ငံသားများအပေါ် ခြိမ်းခြောက် ငွေညှစ်ခဲ့ဖူးသည့် မှတ်တမ်းရှိကြောင်း သိရှိခဲ့ရသည်။
ကိုကလင်း
Ref:Maesaipress
#MeKongNews
#မယ်ဆိုင်
#ICE
#အမျိုးသားတစ်ဦး
#ဖမ်းဆီး








