မဲခေါင်၊ ဩဂုတ် ၂၀
ရှမ်းပြည်တောင်ပိုင်း၊ ဝမ်ဟိုင်းမြို့မှ ရခိုင်ပြည်သို့ သယ်ဆောင်နေသည့် တန်ဖိုးကျပ် ၃၆ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါး ၂၄ သန်းကျော်ကို ဖမ်းဆီးရမိသည့်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။
ယင်းမူးယစ်ဆေးဝါးများကို ရှမ်းပြည်မှ ရခိုင်ပြည်သို့ သယ်ဆောင်လာစဉ် မင်းလှမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဩဂုတ် ၁၂ ရက်တွင် မင်းလှမြို့နယ်အတွင်း ကား ၂ စီးဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၂ ဦးကို ကနဦးဖမ်းမိခဲ့ပြီး ထိုကားများပေါ်တွင် စိတ်ကြွဆေးပြား ၉၇ ဒသမ ၅ သိန်းအားဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ကွင်းဆက်စစ်ဆေးမှုအရ ဩဂုတ် ၁၅ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၌ ကား ၄ စီးပေါ်မှ စိတ်ကြွဆေးပြား ၁၄၄ သန်းကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထိုမူးယစ်ဆေးဝါးများကို ရှမ်းပြည် ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင်နေထိုင်သူ စိုင်ဆမ်(ခ)လောပန်းဆိုသူက ရောင်းချပေးခြင်းဖြစ်ပြီး ရခိုင်ပြည်သို့ သယ်ဆောင်ရန် လုပ်ဆောင်စဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်တွင် ပြောသည်။
ယင်းစိတ်ကြွဆေးပြားများသည် မင်းတုန်းမြို့မှတဆင့် ရခိုင်ပြည်ရှိ AA တပ်ဖွဲ့ စီးပွားရေးတာဝန်ခံများထံ ပို့ဆောင်ရန် လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ချက်တွင်ပြောသည်။
ယခု မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအတွင်း အမှုနှင့်ပတ်သက်သူ ၉ ဦးကို ဖမ်းဆီးရမိထားပြီး ၈ ဦးအား ဖမ်းဆီးရန် ကျန်ရှိသည်ဟု စစ်ကောင်စီကဆိုသည်။
ဝမ်ဟိုင်းမြို့သည် SSPP/SSA ဌာနချုပ် တည်ရှိသည့်မြို့ဖြစ်သည်။ ယခုအမှုနှင့်ပတ်သက်ပြီး SSPPနှင့် AA ဖက်ကမူ တုန့်ပြန်ပြောဆိုခြင်းမရှိသေးပေ။ သို့သော် စစ်ကောင်စီက မူးယစ်ဆေးဝါးမှုများအား အသုံးချပြီး တော်လှန်ရေးတပ်ဖွဲ့များကို စွပ်စွဲပြောဆိုကာ နာမည်ဖျက်လေ့ရှိသည့်ဟု AAက တုန့်ပြန်ထားသည်။
#MeKongNews
#ရှမ်းတောင်
#ဝမ်ဟိုင်း
#ရခိုင်
#မူးယစ်ဆေး








