မဲခေါင်၊ ဩဂုတ် ၁၉
ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။
ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး ကြားနေပွဲစားနိုင်ငံအဖြစ် ဆောင်ရွက်ပေးနေသည့် အိုမန်သည် ဟော်မုဇ်ရေလက်ကြား ကုန်သွယ်သင်္ဘောများ သွားလာနိုင်ရေး လမ်းကြောင်းမြေပုံထုတ်ပြန်ရန် သဘောတူညီမှုရခဲ့ပြီဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဘက်ဂါအီက ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က အိုမန်ဝင်ရှုပ်လျှင် ဗုံးကြဲတိုက်ခိုက်သွားမည်ဟု ဩဂုတ် ၁၇ ရက်က ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နားလည်မှုစာချွန်လွှာဟု အမည်ပေးထားသော အီရန်နှင့် အမေရိကန်တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ပြီးခဲ့သည့် လကတည်းက ပျက်ပြယ်သွားပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ပြန်ဖြစ်ပွားလာချိန် စစ်ပြီးလျှင် ဟော်မုဇ် ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမည်ဟု ဒေါ်နယ်ထရမ့်က အစောပိုင်းကတည်းက ပြောဆို ခဲ့သေးသည်။
ယခု အိုမန်ကပါ ဟော်မုဇ်ရေလက်ကြား သွားလာရေး အီရန်နှင့် ပူးပေါင်းသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် “အီရန်နဲ့ဆက်လက်ပြောဆိုစရာမရှိတော့ဘူး။ ရက်ချိန်းလည်း မလိုဘူး။ ရေတပ်ပိတ်ဆို့မှုတွေဟာ အပြည့်အဝအာဏာတည်နေဆဲပါ။ ဒီရေလက်ကြားက ဖွင့်ထားတုန်း၊ လည်ပတ်နေတုန်းပဲ။ ရေမြုပ်မိုင်းတွေအားလုံးကိုလည်း ရှင်းလင်းဖယ်ရှားပြီးပြီ။ ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီးပြီ”ဟု ထရမ့်က ရေးသားခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် သတ်မှတ်သည့် မြေပုံအညွှန်းကိုပါ ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်
#ဟော်မုဇ်ရေလက်ကြား
#အမေရိကန်ပိုင်နက်
#ထရမ့်








