မဲခေါင်၊ ဇူလိုင် ၂၉
ရှမ်းမြောက် ပြည်ထောင်စုလမ်းမပေါ် တည်ရှိသည့် သီပေါတံတားကို ပြန်လည်ဖွင့်လှစ်ပေးရန် မရှိသေးကြောင်း စစ်ကောင်စီကပြောသည်။
ယမန်နေ့ ဇူလိုင် ၂၈ ရက်တွင် ပြုလုပ်သည့် စစ်ကောင်စီပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သီပေါတံတား ပြည်လည်ဖွင့်လှစ်ပေးရန် လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက မေးခွန်းမေးမြန်းတင်ပြရာ ပြန်လည်ဖွင့်လှစ်ရန် မရှိသေးဟု စစ်ကောင်စီပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောဆိုခြင်းဖြစ်သည်။
လားရှိုး-မန္တလေးကို ဆက်သွယ်ထားသည့် လမ်းပေါ်တွင်ရှိသည့် သီပေါတံတားပိတ်ထားမှုကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အကျပ်အတည်းများကို ပြည်သူလူထုက ရင်ဆိုင်နေရသဖြင့် တံတားပြန်ဖွင့်ပေးရန် လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် စစ်ကောင်စီက မြို့တွင်းနှင့်ကျေးရွာအုပ်စု ၉ ခုကိုသာ ထိန်းချုပ်ထားနိုင်သေးသဖြင့် နယ်မြေ မတည်ငြိမ်ဟုဆိုကာ တံတားကို ပြန်လည်ဖွင့်လှစ်ဦးမည်မဟုတ်ဟု ဖြေဆိုခဲ့သည်။
“TNLA၊ MNDAA၊ PDF အကြမ်းဖက်အုပ်စုတွေဟာ အလုံးစုံဆုတ်ခွာသွားခြင်းမဟုတ်ဘဲ သီပေါတံတားရဲ့ အရှေ့ဘက်ခြမ်းနဲ့ ကျန်ကျေးရွာအုပ်စုတွေမှာ အခြေချလှုပ်ရှားလျက်ရှိတယ်။ လုံခြုံရေးအခြေအနေအရ လက်ရှိမှာ သီပေါတံတားကို ယာယီပိတ်သိမ်းထားရခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မင်းသူက ပြောသည်။
ထို့အပြင် TNLA ၊ MNDAAစသည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ သတင်းများကိုလည်း ပြည်သူများက စုံစမ်းပြီး တပ်မတော်ကို သတင်းပေးကြရန် ဗိုလ်ချုပ်မင်းသူက လွှတ်တော်တွင် ပြောဆိုခဲ့သည်။
လားရှိုး-သီပေါကို ဆက်သွယ်ထားသည့် သီပေါတံတားကို ၂၀၂၅ခုနှစ် နိုဝင်ဘာလမှ စတင်ကာ စစ်ကောင်စီတပ်က ပိတ်ပင်ထားခြင်းဖြစ်သည်။ ယင်းကဲ့သို့ စစ်ကောင်စီက တံတားကို ပိတ်ပင်ထားခြင်းကြောင်း ပြည်သူများက မြစ်ကို ဇက်ဖြင့် ကူးရသဖြင့် မတော်တဆမှု မကြာခဏဖြစ်ပွားလျက်ရှိပြီး တစ်နှစ်နီးပါးအတွင်း သေဆုံးသူ ၁၉ ဦးအထိ ရှိခဲ့သည်။
ထိုသို့ ဇက်ဖြင့် ကူးရာတွင်လည်း လူတစ်ဦးကို ၅ထောင်ကျပ်မှ ၂သောင်းကျပ်အထိလည်းကောင်း ကား တစ်စီးကို တစ်သိန်းမှ ၂သိန်းအထိလည်းကောင်း ပေးရသဖြင့် ပြည်သူများအတွက် အခက်အခဲဖြစ်နေလျက်ရှိသည်။
သို့သော် သီပေါတံတားပြန်လည်ဖွင့်လှစ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောသည်။
“ကျွန်တော်ရှေ့ဆက်ပြီး ရတဲ့နည်းနဲ့ ဆောင်ရွက်သွားမှာပါ။ လုံးဝလက်လျော့မှာ မဟုတ်ပါဘူး”ဟု ၎င်း၏ လူမှုကွန်ယက်တွင်ပြောသည်။
သီပေါတံတားကို စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားပြီး သီပေါ-လားရှိုးလမ်းမကြီးကိုမူ ကိုးကန့်တပ်ဖွဲ့-MNDAAက ထိန်းချုပ်ထားခြင်းဖြစ်သည်။
#MeKongNews
#ရှမ်းမြောက်
#သီပေါတံတား
#စစ်ကောင်စီ
#လွှတ်တော်








