မဲခေါင်၊ ဇူလိုင် ၂၉
တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်ကို တရုတ်ကဖမ်းပြီး မိုင်းလားတပ်ဖွဲ့-NDAA မှတစ်ဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းသို့ တရုတ်ဘက်က လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို မိုင်းလားတပ်ဖွဲ့က လက်ခံပေးနေပြီး စစ်မှုထမ်းဖို့ အကျုံးဝင်သည့်သူများကို ကျိုင်းတုံမြို့ရှိ စစ်ကောင်စီတပ်ထံ လွှဲပြောင်းပေးနေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။
“ဖမ်းခံရတဲ့အထဲ ကျွန်တော့်အသိတွေလည်း ပါတယ်။ ဖမ်းပြီး မိုင်းလားကိုပို့တာ မိုင်းလားကနေ ကျိုင်းတုံကို ထပ်ပို့ပြီး စစ်သားစုဆောင်းရေးထဲ ပါသွားတဲ့ သူငယ်ချင်းလည်း ပါသွားပြီ။ ဗမာလူမျိုး ယောက်ျားလေးတွေဆို စစ်ကောင်စီကို လွှဲပေးတာ မိုင်းလားက” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ဖမ်းဆီးခံရသည့် မိန်းကလေးများကိုမူ မိုင်းလားတပ်ဖွဲ့က ပြန်လွှတ်ပေးသည်ဟု သိရပြီး အခြားလူမျိုးများကိုမူ သက်ဆိုင်သည့် အဖွဲ့အစည်းများကို လွှဲပေးခြင်းလည်း ရှိသည်ဟု သတင်းရင်းမြစ်ကပြောသည်။
“ကျွန်တော့် သူငယ်ချင်းနဲ့ အဆက်အသွယ်ပြန်ရတော့ ကျိုင်းတုံကို အပို့ခံရတာ သူသိသလောက်ဆို ရာနဲ့ချီရှိတယ်တဲ့” ဟု ၎င်းကပြောသည်။
ဇူလိုင်လ ၁၈ ရက်မှ စပြီး တရုတ်ရဲများက မြန်မာအလုပ်သမားများကို အရှိန်အဟုန်မြှင့်ပြီး စတင် ဖမ်းဆီးလျက်ရှိရာ ယမန်နေ့အထိ ဖမ်းဆီးလွှဲပြောင်းခြင်း ခံရသူ တစ်ထောင်ကျော် ရှိပြီဖြစ်သည်။
လက်ရှိ တရုတ်ဘက်ခြမ်းတွင် အထောက်အထားမစုံသူများကို တရုတ်က အဖမ်းအဆီးကြမ်းနေသဖြင့် မြန်မာနိုင်ငံသားများ သတိထားပြီး နေထိုင်နေကြရသည်။ ဇူလိုင်လ ၁၈ ရက်မှ ၂၆ ရက်နေ့အထိ တရုတ်ဘက်မှ မြန်မာမိုင်းလားဘက်သို့ ဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို တရုတ်က ပြန်ပို့နေသည်မှာ ၆ ကြိမ်ရှိပြီဖြစ်ပြီး လူဦးရေအားဖြင့် ၁၀၀၀ ကျော်ရှိပြီ ဖြစ်သည်။
ထိုပြန်ပို့လာသည့် ၁၀၀၀ ကျော်အနက် မိုင်းလားတပ်ဖွဲ့က ကျိုင်းတုံမြို့ရှိ စစ်ကောင်စီထံသို့ စစ်မှုထမ်းအကျုံးဝင်သူများကို ပြန်လည်လွှဲပြောင်းပေးသည်မှာလည်း ရာနှင့်ချီ ရှိပြီဖြစ်သည်။
ထိုသို့ မိုင်းလားတပ်ဖွဲ့က ပြန်ပို့ခံရသည့် လူငယ်များကို စစ်ကောင်စီထံ စစ်မှုထမ်းရန် လွှဲပြောင်းပေးသည် ဆိုသည့် သတင်းကြောင့်လည်း တရုတ်နိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာလူငယ်များကြားတွင် စိုးရိမ်မှု မြင့်တက်နေလျက်ရှိသည်။
“အဖမ်းခံရမှာ ကြောက်နေရတယ်ဗျာ။ အမှန်ဆို တရုတ်မှာက မြန်မာနိုင်ငံသားတွေကို တရားဝင်အလုပ်ခေါ်ယူတာကို ခွင့်ပြုတာ မရှိဘူးလို့လည်း သိထားတော့ ပိုစိုးရိမ်တယ်။ ပြန်ပို့ခံရရင်လည်း စစ်မှုထမ်းဖို့ လွှဲပြောင်းပေးတယ်လို့လည်း ကြားရတော့ နေ့တိုင်း စိုးရိမ်စိတ်နဲ့ ဖြစ်နေတယ်ဗျာ” ဟု ကျင်းဟုန်မြို့တွင် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။
အလုပ်သမားအရေး ကူညီနေသူများက တရုတ်နိုင်ငံဘက်တွင် မြန်မာနိုင်ငံသားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ကြိုးစားနေသော်လည်း တရုတ်အစိုးရက လက်ရှိအချိန်ထိ ခွင့်ပြုခြင်း မရှိသေးပေ။ ယင်းကဲ့သို့ ခွင့်ပြုချက်မရှိပဲ အလုပ်လုပ်နေသဖြင့် အလုပ်သမားအပေါ် အလုပ်ရှင်များက အလုပ်သမားခအား အပြည့်မပေးချေခြင်း မတရားခေါင်းပုံဖြတ်ခြင်းများ မကြာခဏ ပြုလုပ်နေကြသည်။
မိုင်းလားတပ်ဖွဲ့သည် စစ်ကောင်စီနှင့်နီးကပ်သည့် ဆက်ဆံရေးရှိပြီး ပုံမှန်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေသည့်အဖွဲ့လည်း ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင်လည်း မိုင်းလားတွင် နေထိုင်သည့် မန္တလေးတိုင်း ပကခ တာဝန်ခံကို မိုင်းလားတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့သေးသည်။
#MeKongNews
#မိုင်းလား
#စစ်ကောင်စီ
#တရုတ်
#ကျင်းဟုန်
#စစ်မှုထမ်း








