မဲခေါင်၊ ဇူလိုင် ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ အနီးတွင် တော်လှန်ရေးတပ်နှင့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီအလောင်းများကို အင်အားသုံး၍ ပြန်လည် ကောက်ယူခဲ့ရကြောင်း စစ်ကောင်စီနှင့်နီးစပ်သူထံက သိရသည်။
ဇူလိုင် ၂၃ ရက် ညနေပိုင်းက ရွာငံမြို့နယ်၊ မြိုင်ကျေးရွာအနီး ခြုံခိုမိုင်းခွဲ တိုက်ခိုက်ခံရသည့်တိုက်ပွဲတွင် သေဆုံးကာ အလောင်းကျန်ခဲ့မှုကို ရပခ တိုင်းမှူးအမိန့်အရ အင်အား ၃၀၀ ခန့်ရှိ စစ်ကြောင်းဖြင့် အင်အားသုံးကာ စစ်ကြောင်းထိုး၍ ပြန်လည်ကောက်ယူခဲ့မှုရှိခဲ့သည်ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
“ကျန်ခဲ့တာက ယူနီဖောင်းမှာ သုံးရစ်နဲ့၊ မှန်တာတော့ ၁၀ ချက်ကျော်မယ်၊ ပွစိတက်နေတာ၊ အဲအလောင်းပြန်ကောက်ယူတာ အင်အား ၃၀၀ လောက်နဲ့စစ်ကြောင်းထိုးပြီး ပြန်လာကောက်တာ၊ အလောင်းကို အောင်ပန်းစစ်တပ်ဆေးရုံကို သယ်သွားတာ သိရတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကျောက်ငှက်ရွာနှင့် ဆင်ဆာပြားရွာများတွင် အင်အားဖြန့်ခွဲကာ လှုပ်ရှားနေပြီး ကျေးရွာများအတွင်း လူဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းများသည် ရပ်စောက်ဘက်မှလည်း ရွာငံဘက်သို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။
မြိုင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ယခု ကောက်ယူခဲ့သည့် သုံးရစ် အလောင်း အပါအဝင် ၄ ဦး စစ်ကောင်စီဘက်မှ သေဆုံးခဲ့ပြီး အရာရှိအဆင့်နှင့် အခြားအဆင့် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။
#MeKongNews
#ရှမ်းတောင်
#မြိုင်ရွာ
#စစ်ကောင်စီ
#တော်လှန်ရေး
#တိုက်ပွဲ
#အလောင်းကောက်








