မဲခေါင်၊ ဇူလိုင် ၂၃
အိန္ဒိယနိုင်ငံတွင် ကျောင်းသားအများဆုံး ဝင်ဖြေဆိုသည့် ဆေးကောလိပ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပေါက်ကြားပြီး တာဝန်ရှိသူများ မေးခွန်းရောင်းစားမှုကြောင့် Gen – Z ကျောင်းသားများ မြို့ကြီးများတွင် ဆန္ဒပြနေမှု လချီကြာမြင့်သည့်တိုင် ကျောင်းသားများ တောင်းဆိုသည့် ပညာရေးဝန်ကြီးကို ထုတ်ပယ်ရန်ကိစ္စ အစိုးရက မလုပ်ဆောင်သေးသဖြင့် ယနေ့ ဇူလိုင် ၂၃ ရက်တွင် ဒေလီမြို့၌ ကျောင်းသားထောင်ချီ ဆက်လက် ဆန္ဒပြနေခဲ့ကြသည်။
မေးခွန်းပေါက်ကြားမှုအတွက် တာဝန်ရှိသူအားလုံးကို ရုံတင်တရားစွဲဆိုသွားရန် အမြန် လုပ်ဆောင်ပေးမည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ထုတ်ပြန်ခဲ့သော်လည်း ဒေလီမြို့မှ ဘူတာရုံကြီး ၁၆ ခုကို ၂ ရက်ဆက်တိုက် ပိတ်ကာ ကျောင်းသားထု ဆန္ဒပြမှု ပိုမကြီးထွားလာစေရန် ပိတ်ပင်ခဲ့သဖြင့် မိုဒီသည် ပညာရေးဝန်ကြီး ဒါမန်ဒရာပရတ်ဟန်ကို မထုတ်ခိုင်း၊ နုတ်ထွက်မခိုင်းသေးဘဲ ဒေလီတစ်မြို့လုံးအား လုံခြုံရေးအပြည့်ချပြီး ပိတ်ထားရန် ကြိုးစားနေသည်ဟု ဆန္ဒပြပွဲအား ဦးဆောင်သည့် Cockroach Janta Party (CJP) မှ ကျောင်းသားခေါင်းဆောင် အဘဟီဂျက်ဒစ်ပ်ကီက ဝေဖန်ချက်ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၁၈ ရက်က ကျောင်းသားများ အစာငတ်ခံဆန္ဒပြမှု ၁၈ ရက် ပြည့်ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသားများကို မဖမ်းရန် သဘောတူသည်ဆိုသဖြင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်တန့်ကာ ဂျန်တာမာတာ အထိမ်းအမှတ်နေရာတွင် သပိတ်စခန်းထားရှိပြီး ဆက်လက်ဆန္ဒပြနေခဲ့ကြခြင်း ဖြစ်သည်။
ဇူလိုင် ၂၀ ရက်က ဆန္ဒပြကျောင်းသား ၁၀၀၀ ဝန်းကျင်သည် ဂျန်တာမာတာမှ လွှတ်တော်သို့ ချီတက်ဆန္ဒပြရန် ကြိုးစားမှုကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းသဖြင့် နှစ်ဖက်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရသူများရှိသလို ၁၃ ဦးထက် မနည်းကို ဖမ်းဆီးခဲ့သဖြင့် ဆန္ဒပြမှုများ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်သဖြင့် မိုဒီက နောက်ဆုံးအချိန်မှ ခုံရုံးဖွဲ့ စစ်ဆေးအရေးယူမည်ဟု ထုတ်ပြန်ခဲ့ရာ ကျောင်းသားထုဘက်မှလည်း တောင်းဆိုချက် ၃ ခုသာထားရှိပြီး ဆွေးနွေးစရာ အကြောင်းမရှိဟု ပြတ်သားစွာ ထုတ်ပြန်ခဲ့ကြသည်။
ကျောင်းသားများ တောင်းဆိုထားသည့် အချက် ၃ ချက်မှာ ပညာရေးဝန်ကြီး ချက်ချင်းနုတ်ထွက်ရန်၊ ကျောင်းသားများအပေါ် အကြမ်းဖက်မှုအတွက် တောင်းပန်ရန်နှင့် ကျောင်းသားများအပေါ် အကြမ်းဖက်သည့် တရားခံများကို အရေးယူပေးရန်တို့ ဖြစ်သည်။
ဆန္ဒပြပွဲတွင် ကျောင်းသားသမဂ္ဂများသာမက ပါတီများ၊ မိဘပြည်သူများလည်း ပါဝင်လာပြီး တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ပြန့်လာချိန် လုံခြုံရေး တင်းကျပ်ခြင်းများနှင့် အကြမ်းဖက် ဖမ်းဆီးခြင်းများကြောင့် အခြေအနေပိုဆိုးလာရာ ဘောလိ၀ုဒ်မင်းသားကြီး ဆယ်လ်မန်ခန်းကိုယ်တိုင်လည်း အသံတိတ်မနေတော့ဘဲ ကျောင်းသားများဘက်မှ ပါဝင် အားဖြည့်လာခဲ့သည်။
ဆန္ဒပြပွဲတစ်လကျော်ကြာသည်အထိ အသံမထွက်သေးသဖြင့် ဝေဖန်ခံနေရသော ဆယ်လ်မန်ခန်းက ၎င်း၏ လူမှုကွန်ရက် X တွင် နံပါတ်တုတ်ဖြင့် ရဲများဘက်မှ အကြမ်းဖက်ဖြိုခွင်းခဲ့မှုအတွက် ကျောင်းသားများနှင့် ခံစားရသူများအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ နိုင်ငံ၏ ပညာရေးစနစ် ကောင်းမွန်လာရေး၊ ကျောင်းသားငယ်များနှင့် မိဘများဘက်မှ ယခုလို ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြင့် ဇွဲမလျှော့စတမ်း ကြိုးစားနေခြင်းမှာ ဂုဏ်ပြုချီးကျူးစရာဖြစ်ကာ ထောက်ခံရမည်ဖြစ်ကြောင်း၊ ဗဟိုအစိုးရဘက်မှ အကောင်းမွန်ဆုံး အရေးယူမှုနှင့် ပြောင်းလဲမှုများ လုပ်ပေးသွားနိုင်ရန် မျှော်လင့်ကြောင်း ယနေ့တွင် ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဝင်ရောက်ဖြေဆိုသူ အများဆုံး ဆေးကောလိပ်ဝင်ခွင့်စာမေးပွဲ NEET ၏ ၂၀၂၆ စာမေးပွဲကို မေ ၃ ရက်နေ့က ဖြေဆိုခိုင်းခဲ့ရာ ဖြေဆိုသူ ၂ ဒသမ၂၇ သန်း ရှိခဲ့ရာတွင် အွန်လိုင်းပလက်ဖောင်များပေါ်မှ မေးခွန်းကြိုတင် ရောင်းစားမှုများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သလို ထိုမေးခွန်းများအတိုင်း စာမေးပွဲတွင် ပါဝင်လာခြင်းကြောင့် ကျောင်းသားများ ဒေါသထွက် ပေါက်ကွဲခဲ့ရသည်။
၂၀၂၄ ခုနှစ်က ယင်းစာမေးပွဲတွင်လည်း ယခုလို မေးခွန်းရောင်းစားမှုများ ရှိခဲ့သေးသည်။
ယခုတစ်ကြိမ် ပေါက်ကြားမှုကြောင့် အိန္ဒိယအစိုးရသည် စာမေးပွဲကို ဖျက်သိမ်းပြီး ဇွန် ၂၁ ရက်တွင် စာမေးပွဲပြန်စစ်ခဲ့ပြီးနောက် ဇူလိုင် ၁၆ ရက်က အောင်စာရင်း ကြေညာခဲ့သည်။
ကျောင်းသား ၂၇၀၀၀၀ ပြန်မဖြေတော့ဘဲ ၁၁၀၀၀၀ စာမေးပွဲအောင်ခဲ့ကာ ၂၀၂၀ နောက်ပိုင်း စာဖြေသူ အနည်းဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည်။
ကြိုးစားမှုနှင့် မျှော်လင့်ချက်များ ပျက်ယွင်းကာ စိတ်ထိခိုက်ခဲ့ရသည့် စာဖြေကျောင်းသားများထဲမှ အနည်းဆုံး ၁၂ ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့မှုများလည်း ရှိခဲ့သဖြင့် ဆန္ဒပြပွဲ ဆက်လက်အုံကြွနေခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးနေမှုမှ သိရှိရသော သတင်းများတွင် မေးခွန်းရောင်းစားသူများသည် ရူပီး ၂ သိန်း (ဒေါ်လာ ၂၁၀၀) မှ ရူပီး ၅ သိန်း (ဒေါ်လာ ၁၀၀၀၀) အထိ ပေးခဲ့ကြရသည်ဟု သိရသည်။
ကိုကလင်း
Ref: thehindu
#MeKongNews
#အိန္ဒိယ
#ဆေးကောလိပ်ဝင်ခွင့်
#စာမေးပွဲမေးခွန်း
#ပေါက်ကြားမှု
#ပညာရေးဝန်ကြီး








