မဲခေါင်၊ ဇူလိုင် ၁၁
ဂျပန်နိုင်ငံတွင် ဆရာဝန်လိုင်စင်မရှိဘဲ အလှအပခွဲစိတ်မှုများ ၅ ကြိမ်တိုင်ပြုလုပ်ခဲ့သည်ဟု သံသယဖြင့် ထိန်းသိမ်းခံရသူ မြန်မာနိုင်ငံသား ဆရာဝန် ဒေါက်တာကြည်ချမ်းကို (Dr. Kyi Chan Ko) နှင့် မြန်မာနိုင်ငံသားတစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် ပြစ်မှုမမြောက်၊ ပြစ်မှုမရှိသဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း၎င်း၏ နီးစပ်သူများထံမှ သိရသည်။
၂၀၂၅ခုနှစ်၊ ဇွန်လတွင် မျက်ရစ်ဖော်ခွဲစိတ်မှု ပြုလုပ်ခဲ့သည့် အသက်၃၀ အရွယ် မြန်မာအမျိုးသမီး တစ်ဦးမှ ခွဲစိတ်ပြီးနောက် မျက်လုံးဖွင့်ရခက်ခဲသည်ဟု တိုင်ကြားရာမှ တဆင့် ဒေါက်တာကြည်ချမ်းကိုအား သံသယရှိကာ ဆက်လက်စုံစမ်း စစ်ဆေးမေးမြန်းရန် ဂျပန်ရဲဌာနမှ မတ် လ ၃ ရက်တွင် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ မူလခေါ်ဆောင်စဉ်ကတည်းက ရဲစခန်းတွင်သာ ထားရှိပြီး စစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်း ၎င်း၏ နီးစပ်သူတစ်ဦးက ပြောသည်။
“ဆရာက နဂိုကတည်းက ဆေးကုသခွင့် လိုင်စင်ရှိထားပြီးနှင့် ဂျပန်နိုင်ငံတွင် ပါရဂူဘွဲ့ ရှိတယ်။ ဆေးခန်းလည်းဖွင့်ထားတာ။ အတိုင်ခံရတော့ ဂျပန်ရဲကလည်း စစ်ဆေးရမယ့် တာဝန်အတိုင်းခေါ်စစ်တာပါ” ဟု ၎င်း၏ ရင်းနှီးသူ ဆရာဝန်တစ်ဦးမှ ပြောသည်။
ဒေါက်တာကြည်ချမ်းကိုအား တိုင်ကြားရာတွင် မျက်ရစ်ခွဲစိတ်သူ လူနာတစ်ဦးတွင် မျက်စိဖွင့်ရ၊ ပိတ်ရခက်ခြင်းနှင့် အခြားလူနာ၂ဦးတွင်လည်း အမာရွတ်ထင်ကျန်နေခြင်း စသည့် စွပ်စွဲချက်များဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း၊ ဂျပန်ရဲတပ်ဖွဲ့က တိုင်ကြားသူများအား ဆရာဝန်အဖွဲ့ဖြင့် စစ်ဆေးရာ ၎င်းတို့စွပ်စွဲထားသည့် ရောဂါလက္ခဏာ မတွေ့ကြောင်း၊ တစ်ဦးမှာမူ အစစ်အဆေးပင် မခံကြောင်း သူ၏ နီးစပ်သူမိတ်ဆွေတစ်ဦးမှ ပြောသည်။
“စစ်စရာရှိတာတွေ စစ်ပြီးတော့ ရက်အနည်းငယ်မှာပဲ စွပ်စွဲချက်အတိုင်း ပြစ်မှုမမြောက်တဲ့အတွက် ပြန်လွှတ်ပေးရပါတယ်။ ဂျပန်ဆိုတာ လာဘ်ထိုးလို့ရတဲ့နိုင်ငံမဟုတ်ဘူး။ တရားဥပဒေစိုးမိုးမှု အပြည့်ရှိတဲ့နိုင်ငံပါ။ ဂျပန်သတင်းမှာတော့ “သံသယ” ဖြင့် ဟူ၍ရေးသားဖော်ပြထားခဲ့သော်လည်း မြန်မာ သတင်းတွေမှာရေးသလို အဖမ်းခံရတယ်ဆိုတာ စကားလုံး အသုံးအနှုန်းမှားနေပါတယ်။ ” ဟု ၎င်း၏ ဥပဒေအကြံပေးမှ ပြောသည်။
ဂျပန်နိုင်ငံ၏ ဥပဒေပုဒ်မ Article 17 (Violation of the Medical Practitioners’ Act) အရ ဆရာဝန်လိုင်စင်မရှိဘဲ ဆေးကုသမှုပြုလုပ်ပါက ထောင်ဒါဏ် ၃ နှစ်နှင့် ငွေဒါဏ် ယန်းငွေ တစ်သန်း ပေးဆောင်ရမည်ဖြစ်ပြီး နိုင်ငံခြားသားဖြစ်ပါက လိုင်စင် မရှိဘဲဆေးကုခြင်းသည် ထောင်ဒါဏ်အပြင် ဂျပန်နိုင်ငံမှ ပြည်နှင်ဒဏ်ပါပေးခံရမည်ဖြစ်ကြောင်း ဂျပန်ဥပဒေဘွဲ့ရရှိထားသူ တစ်ဦးမှ ရှင်းပြသည်။
ထို့ပြင် မျက်ရစ်အလှဖော်ခွဲစိတ်မှု ပြုလုပ်ရာ၌ မျက်စိဖွင့်ရ၊ ပိတ်ရခက်ခြင်း၊ ထင်ရှားသောအမာရွတ်များ ကျန်နေခြင်း စသည့်ခွဲစိတ်မှုမှားယွင်းခြင်းများ ဖြစ်ပေါ်လာပါက ကာယကံရှင်လူနာများအား လျော်ကြေးငွေများစွာ ပေးဆောင်ရနိုင်ကြောင်း ၎င်း၏ မိတ်ဆွေဂျပန်ဥပဒေဘွဲ့ရရှိထားသူ တစ်ဦးမှ ရှင်းပြသည်။
ဒေါက်တာကြည်ချမ်းကိုသည် မျက်စိဖွင့်ရခက်ခြင်း နှင့် မျက်ခမ်းပေါ်နှင့် မျက်ခွံတဝိုက်တွင် အမာရွတ်ကျန်စေခြင်း စသည့် စွပ်စွဲမှုများဖြင့် တိုင်ကြားသူများအပေါ် လျှော်ကြေငွေလည်း လုံးဝ ပေးဆောင်ခဲ့ခြင်း မရှိကြောင်း သူ၏ နီးစပ်သူများထံမှ သိရသည်။
ဒေါက်တာ ကြည်ချမ်းကိုသည် မန္တလေးဆေးတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Juntendo University ၏ Department of Plastic and Reconstructive Surgery တွင် ပါရဂူဘွဲ့ရရှိထားသူတဦးဖြစ်ကြောင်း၊ ဒေါက်တာကြည်ချမ်းကို၏ ပါရဂူစာတမ်း အောက်ပါလင့်ခ်https://www.jstage.jst.go.jp/article/jmj/67/5/67_JMJ21-0006-OA/_article/-char/ja/
တွင် ဖတ်ရှု့နိုင်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တစ်ဦးက ခိုင်မာစွာ ပြောသည်။
2026 June လ ၂၉ ရက်နေ့တွင် ဒေါက်တာကြည်ချမ်းကိုသည် ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြန်မည့်အကြောင်းနှင့် July လကုန်ခါနီးတွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း ၎င်း၏ Facebook page တွင် ရေးသားဖော်ပြထားသည်။
#MeKongNews
#ဒေါက်တာကြည်ချမ်းကို
#ဂျပန်နိုင်ငံ
#တိုကျိုမြို့
#ခွဲစိတ်ကုသမှု
#အလှအပရေးရာ








