မဲခေါင်၊ ဇူလိုင် ၁၄
ရှမ်းပြည်မြောက်ပိုင်း ၊ စစ်ကောင်စီထိန်းချုပ် လားရှိူးမြို့တွင် စစ်ကောင်စီ နှင့် MNDAA တွေ့ဆုံဆွေးနွေးနေပြီး ယနေ့ ညနေပိုင်း၌ စစ်သုံပန်း ၄၁ ဦးကို MNDAA က ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဇူလိုင် ၁၄ ရက်၊ ညနေ ၃ နာရီခန့်က ပြန်လွှတ်လိုက်သူ စစ်သုံပန်းများကို စစ်ဆေးရုံ ၉/၁၀၀ တွင်ထားရှိသူ ၁၆ ဦး၊ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်းတွင် ထားရှိသူ ၂၅ ဦး စုစုပေါင်း ၄၁ ဦးဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
လွတ်လာသူများမှာ ၄၂ ဦးဟု အချို့က ဆိုပြီး ရဲများ မပါဝင်ကြောင်း သိရသည်။
အခြား သတင်းရင်းမြစ်တစ်ဦးကမူ စစ်သုံ့ပန်းများသာမက အရပ်သားများပါ ပါပြီး ထပရ ၆၂၆ တွင် ထားရှိသည်ဟု ဆိုသော်လည်း အခြားအတည်ပြုချက် မရရှိသေးပေ။
၎င်းတို့ လားရှိုးသို့ ပြန်လည်လွတ်မြောက်လာကြောင်း စစ်သုံ့ပန်းမိသားစုဝင် များကလည်း လူမှုစကွန်ရက်များပေါ်တွင် ဖော်ပြလျက်ရှိကြောင်း တွေ့ရသည်။
“၂ ဖက်တွေ့နေတာ အရေးကြီးတယ် ပြောတယ်။ ကိုးကန့်ကို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့၊ သိန္နီကို စီခန့်ခွဲဖို့တွေ ပါတယ်ကြားတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။
MNDAA က ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံပန်းများကို ပြီးခဲ့သည့် ဇွန် ၁၅ ရက်တွင် ၁၇၈ ဦး ပြန်လည် လွှတ်ပေးခဲ့သေးသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီသုံ့ပန်းနှင့် မိသားစုဝင် ထောင်နှင့်ချီ၍ MNDAA က ဖမ်းဆီးရမိခဲ့ရာမှ ပြန်လည်လွှတ်ပေးလျက်ရှိရာ မဲခေါင်မှ မှတ်သားထားချက်အရ အနီးစပ်ဆုံး လူဦးရေ ၃ ထောင် ဝန်းကျင်အထိ ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်သည်။
မဲခေါင်မှ မှတ်သားမိသည့် စာရင်းများအရ MNDAA သည် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်ကလည်း စစ်သုံ့ပန်း ၆၈ ဦးကို ပြန်လွှတ်ပေးခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း လောက်ကိုင်နှင့် ကွမ်းလုံဘက်မှ စစ်သုံ့ပန်း ၂၀၀ ကျော်ကို လွှတ်ပေးခဲ့သည်။
ယခုနှစ် ဇန်နဝါရီ ၃၁ ရက်က ၂၀၆ ဦး၊ ဇန်ဝါရီ ၁၄ ရက်တွင် စစ်သုံ့ပန်း ၈၀ ဦးပြန်လွှတ်ပေးခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နှင့် နိုဝင်ဘာ ၁၅ ရက်၌လည်း ၁၀၂၇ စစ် ဆင်ရေးကာလက ဖမ်းဆီးခဲ့သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၁၄) လက်အောက်ခံတပ်ရင်း ခ လရ (၂၇၇) မှ ဗိုလ်မှူး ကျော်ဇေယျ၊ စကခ (၁) မှ ဗိုလ်မှူးအောင်မြင့်ထူး အပါအဝင် သုံ့ပန့်း၂၅၀ ခန့်ကိုလည်း MNDAA က ပြန်လွှတ်ပေးခဲ့သေးသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က လောက်ကိုင်ဒကစကို တိုက်ခိုက် သိမ်းပိုက်ချိန်၌ လက်နက်ချ အညံ့ခံခဲ့သည့် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦး၊ အရာရှိ ၂၂၈ဦး၊ အခြား အဆင့် ၁၈၉၅ ဦးကို ဖမ်းပြီးနောက် MNDAA က ပြန်လွှတ် ပေးခဲ့သည်။
လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းသည့် တိုက်ပွဲတွင်လည်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (၁) ဗိုလ် မှူးချုပ် မျိုးမင်းထွေး၊ ရမခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကိုလည်း MNDAA က ဖမ်းမိခဲ့ပြီး စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့သည်။
MNDAA သည် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ သိန္ဒီ၊ တာမိုးညဲ၊ ပန်ဆိုင်းမြို့များကို သိမ်းပိုက်ခဲ့သည်။
ထို့နောက် လားရှိုးမြို့ကိုမူ တရုတ်နိုင်ငံ၏ ဖိအားကြောင့် MNDAA က စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်မှာ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။
ကွတ်ခိုင်ကိုမူ MNDAA က TNLA လက်ထဲမှ သိမ်းပိုက် ရယူထားသည်။
#MeKongNews
#လားရှိုး
#စစ်ကောင်စီ
#MNDAA
#စစ်သုံ့ပန်း
#ပြန်လွှတ်








