မဲခေါင်၊ ဇူလိုင် ၁၃
တအာင်းတပ်ဖွဲ့-TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး၏ ဖေ့စ်ဘွတ်ခ်အကောင့်ကို ကျားဖြန့်များက ဟက်ယူပြီး ငွေလိုက်လံချေးခြင်းများ ပြုလုပ်ခဲ့သည်ဟု လွေးယေဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်တွင် လွေးယေဦး၏ ဖေ့စ်ဘွတ်ခ်အကောင့်ကို ကျားဖြန့်များက ဟက်ယူပြီး အသိများထံမှ ငွေလိုက်လံချေးရာ အသိမိတ်ဆွေတစ်ဦး၏ ငွေကျပ်သိန်း ၃၀ ပါသွားသည်ဟုလည်း လွေးယေဦးက အသိပေးထားသည်။
“လက်ရှိကာလ ကျမမှာ ငွေသွင်း၊ငွေထုတ် မရှိပါ၊ အကူညီလိုလို့ တောင်းခံရင်လည်း လူကိုယ်တိုင် လာတောင်းပါမယ်။ ဒါကြောင့် online platform မှာ မိမိ၏ နာမည်အလွဲသုံးစားလုပ်ပြီး ငွေကြေးတောင်းခံသူများကို ကျေးဇူးပြုပြီး မလွဲကြရန် အသိပေးအပ်ပါသည်”ဟု လွေးယေဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးပြောဆိုသည်။
ကျားဖြန့်များသည် ၎င်း၏ လူမှုကွန်ရက် အကောင့်အမည်၊ ပုံများကို အသုံးပြုပြီး အကောင့်တု Viber အကောင့်အသစ်များဖြင့် ငွေတောင်းနေခြင်းဖြစ်သည်ဟု လွေးယေဦးကဆိုသည်။
ထို့ပြင် ကျားဖြန့်များသည် လွေးယေဦး၏ မျက်နှာ၊ အသံ၊ စာသားအတိုင်း သုံးနိုင်သည်အထိ နည်းပညာကျွမ်းကျင်ကြသဖြင့် အထူးသတိထားကြရန် ငွေတောင်းပါက မည်သူမျှ မပေးကြရန်လည်း ၎င်းက အသိပေးထားသည်။
လက်ရှိတွင် ကျားဖြန့်များသည် တိုးတက်လာသည့် AI နည်းစနစ်ကိုပါ အသုံးပြုပြီး လူတစ်ဦး၏ အသံ၊ ရုပ်၊ ပုံများကို အတုဖန်တီးကာ လိမ်လည်ခြင်းများ ပြုလုပ်နေကြသည်။
#MeKongNews
#TNLA
#ပြောရေးဆိုခွင့်ရှိသူ
#လူမှုကွန်ရက်အကောင့်
#ငွေလိုက်လိမ်
ပုံ-Lway Yay Oo ဖေ့စ့်ဘုတ်စ်








