မဲခေါင်၊ ဇူလိုင် ၁၃
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မြန်မာ – ထိုင်းနယ်စပ်၊ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် မယ်ဆိုင်မြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်များ လိုက်ပါပို့ဆောင်နေကြရာ ယင်းသုံးဘီးမောင်းနှင်သူများမှာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး ထိုင်းတက္ကစီသမားများ ၏ အလုပ်အကိုင်များကို လုယက်မောင်းနှင်နေကြသည်ဟု ဒေသခံများက စွပ်စွဲပြောဆိုနေကြကြောင်း ထိုင်းဘက်ရှိ လူမှုကွန်ရက်စာမျက်နှာတစ်ခုမှ ရေးသားလာသည်ဟု တာချီလိတ်ဒေသခံများခံမှ သိရသည်။
ယင်းရေးသားမှုကို ယမန်နေ့ ဇူလိုင် ၁၂ ရက်က ဖော်ပြလာခြင်းဖြစ်ပြီး ၎င်းပို့စ်အောက်တွင် မှတ်ချက်များမှာလည်း အရေးယူပေးရန် တာဝန်ရှိသူများကို ရည်ညွှန်း၍ ရေးသားထားကြသည်ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။
ယင်းပို့စ်တွင် “ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်မှာ အခု လက်ရှိ အိမ်နီးနားချင်းနိုင်ငံကလာတဲ့ သုံးဘီးဆိုင်ကယ်တွေဟာ တက္ကစီဆိုင်းဘုတ်တွေ တပ်ဆင်ပြီး ပြေးဆွဲနေကြတယ်လို့ မယ်ဆိုင်ဒေသခံတွေက ထပ်မံတိုင်ကြားလာပါတယ်။ ဒီလိုမျိုး လုပ်ဆောင်နေတာဟာ ထိုင်းလူမျိုးတွေရဲ့ အလုပ်အကိုင်ကို လုယူနေတာ မဟုတ်ဘူးလားခင်ဗျာ”ဟု ရေးသားထားပြီး မြန်မာလို ဗန္ဓုလဟု တံဆိပ်တပ်ထားကာ TAXI ဟု အင်္ဂလိပ်လို ဆိုင်းဘုတ်ကပ်ထားပြီး မယ်ဆိုင်မြို့တွင်း ခရီးသည်တင်မောင်နှင်နေပုံကို ဖော်ပြထားသည်။
ယင်းသို့ တိုင်ကြားချက်များ ထွက်ပေါ်လာသည့်အတွက် တာချီလိတ်ဘက်မှ သုံးဘီးဆိုင်ကယ် မောင်းနှင်သူများအနေဖြင့် မြန်မာဘက်မှ ခရီးသည်အချို့ကို မယ်ဆိုင်ဘက်သို့ ပို့ဆောင်ပြီးသည်နှင့် ရောက်သည့်နေရာတွင် အချိန်ဆွဲမနေဘဲ ချက်ချင်း တာချီလိတ်ဘက်သို့ ပြန်လာသင့်သည်ဟု တာချီလိတ် ဒေသခံများက အကြံပြုထားသည်။
ထို့ပြင် ယခုပုံပါအတိုင်း မယ်ဆိုင်ဘက်ရှိ အဝေးပြေးကားဂိတ်များတွင် ခရီးသည် ပို့ဆောင်ပြီးနောက် ထိုနေရာမှာပဲ ဆက်လက်၍ ခရီးသည် စောင့်ဆိုင်းနေခြင်းသည် ကုန်းလမ်းပို့ဆောင်ရေးဥပဒေနှင့် မကိုက်ညီကြောင်း၊ သုံးဘီးဆိုင်ကယ် Taxi ဟု ထင်ထင်ပေါ်ပေါ် ရေးသားကြော်ငြာခြင်းသည် ထိုင်းဘက်တွင် ဥပဒေနှင့် မကိုက်ညီကြောင်း ရေးသားထားသည်။
ယင်းကိစ္စအပေါ် “ကားကြီးကွင်းကနေ မြန်မာဘက်က တက္ကစီသမားမှ မဟုတ်ဘူး ဘယ်သူမှ ကြိုပိုင်ခွင့်မရှိဘူး။ အခုက မြန်မာဖက်ကနေ ခရီးသည်ကို မယ်ဆိုင်ကားကြီးကွင်းအထိ လိုက်ပို့ပေးတာ ဒါကလဲ ၂ နိုင်ငံခွင့်ပြုချက်နဲ့ ပို့ဆောင်ပေးကြတာပါ။ ဒါကို ထိုင်းဘက်က အနီရောင်လိုင်းကားသမားတွေက မနာလိုတာပါ။ သူတို့ဖြစ်စေချင်တာက ခရီးသည်တွေကို မယ်ဆိုင် တံတားထိပ်မှာပဲချခဲ့၊ သူတို့က မယ်ဆိုင်ကားကြီးကွင်းထဲအထိ လိုက်ပို့ချင်တာပါ။ မယ်ဆိုင်ကားကြီးကွင်းကနေ ကြိုကြည့်ပါလား။ ဒီကောင်တွေ အုပ်စုလိုက်ကြီးကို ဝိုင်းပစ်တာ။ မြန်မာဖက်က သုံးဘီးသမားတွေလည်း သိပါတယ်။ ပို့ခွင့်ပဲ ရှိတယ်၊ ကြိုခွင့်မရှိဘူး ဆိုတာ” ဟု မြန်မာသုံးဘီးဆိုင်ကယ် သမားတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ လုံးဝ မလုပ်ရမည့် အသက်မွေးဝမ်းကျောင်းအလုပ် ၂၇ မျိုးထဲတွင် မော်တော်ယာဥ် မောင်းနှင်ခြင်းလည်း ပါဝင်ကြောင်း သိရသည်။
သို့အတွက် အဖမ်းအဆီး များပြားနေသည်ဖြစ်ရာ မယ်ဆိုင်တွင်လည်း မြန်မာသုံးဘီးဆိုင်ကယ် TAXI များကို ဖမ်းဆီးခြင်း၊ ကန့်သတ်ခံရခြင်းများ ရှိလာနိုင်ကြောင်း အသိပေး အကြံပြုနေခြင်းဖြစ်သည်။
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်
#သုံးဘီးဆိုင်ကယ်
#ထိုင်းတက္ကစီသမားများ








