မဲခေါင်၊ ဇူလိုင် ၉
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပြီးဆုံးသွားပြီဟု ယူဆကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပြီးနောက်၊ လွန်ခဲ့သည့် ၂ ရက်အတွင်း အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်ပေါင်း အနည်းဆုံး ၁၇၀ ခုကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားသည်။
ထို့ကြောင့် နောင်ကျင်းပမည့် ဆွေးနွေးပွဲများ၏ အလားအလာနှင့် ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အဖြေထက် မေးခွန်းထုတ်စရာများ ပိုမိုများပြားလာခဲ့သည်။
အမေရိကန်စစ်တပ်သည် ဗုဒ္ဓဟူးညမှ ကြာသပတေးနေ့အကူး နောက်ဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာပစ်မှတ် ၉၀ ခန့်ကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
၎င်းသည် ပြီးခဲ့သည့်ညက ပစ်မှတ် ၈၀ ကို တိုက်ခိုက်ခဲ့ပြီးနောက် ထပ်မံတိုက်ခိုက်ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုအများစုမှာ အီရန်တောင်ပိုင်းကမ်းရိုးတန်းကို ဦးတည်ခဲ့သော်လည်း အချို့ပစ်မှတ်များမှာ ပြည်တွင်းပိုင်းနှင့် မြောက်ဘက်ပိုင်းအထိ ပါဝင်သည်။
အမေရိကန် တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ၂ ရက်အတွင်း သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာရရှိသူ ၇၈ ဦးရှိပြီဖြစ်ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့သည်။
တီဟီရန်မြို့ မြောက်ဘက်ရှိ အတ်ကလာဒေသမှ ရထားလမ်းတံတားတစ်ခုကို အမေရိကန်က တိုက်ခိုက်ခဲ့ကြောင်း အီရန်ဘက်က ပြောကြားခဲ့ရာ၊ ၎င်းသည် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း အရေးပါသည့် အခြေခံအဆောက်အအုံကို ပစ်မှတ်ထားခဲ့သည့် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်တစ်ခု ဖြစ်လာနိုင်သည်။
CNN က တည်နေရာ အတည်ပြုထားသည့် အီရန်မီဒီယာမှ ဗီဒီယိုဖိုင်တွင် အတ်ကလာအနီးရှိ ပျက်စီးသွားသော ရထားလမ်းတံတားကို မြင်တွေ့ရသည်။
ရေပေးဝေရေးနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကဲ့သို့ အရေးကြီးသော အရပ်ဘက်အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် စစ်ရာဇ၀တ်မှု မြောက်နိုင်သည်။
အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် ပြီးခဲ့သည့် ၂ ရက်ညပိုင်းက ကူဝိတ်နှင့် ဘာရိန်းနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး၊ အမေရိကန်ဘက်က ထပ်မံ လက်တုံ့ပြန်လာပါက ဒေသတွင်းရှိ အခြား အမေရိကန်စခန်းများကိုပါ တိုက်ခိုက်မှုများ တိုးချဲ့သွားမည်ဟု သတိပေးခဲ့သည်။
“မင်းတို့တိုက်ရင် မင်းတို့လည်း အတိုက်ခံရမယ်” ဟု အီရန်၏ ထိပ်တန်းဆွေးနွေးညှိနှိုင်းရေးမှူးက သတိပေးပြောကြားခဲ့သည်။
ယခုသီတင်းပတ် နေတိုးထိပ်သီးအစည်းအဝေးတွင် သမ္မတ ထရမ့်က တီဟီရန်ခေါင်းဆောင်ပိုင်းကို “ရူးကြောင်ကြောင် အမှိုက်သရိုက်များ” ဟု ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီး၊ စစ်မက်ဖြစ်ပွားမှုများ ပြန်လည်စတင်လာပြီးနောက် ထိုခေါင်းဆောင်များ ရှိတော့မည်မဟုတ်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။
အပြန်အလှန် ပစ်ခတ်မှုများ ရှိနေသော်လည်း အီရန်စစ်ပွဲ ပြန်လည် စတင်တော့မည်ဟု မိမိမထင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်အရ သမ္မတက အီရန်ကို ဒုတိယမြောက်နေ့အဖြစ် ထပ်မံတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ရေလက်ကြားအား အပြည့်အဝ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသည့်အပေါ် စိတ်ပျက်ဒေါသထွက်မှုကြောင့် လည်းကောင်း၊ ၎င်း နေတိုးထိပ်သီးအစည်းအဝေး တက်ရောက်နေစဉ်အတွင်း အရေးပါသည့် ထိုရေလမ်းကြောင်းကို ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို အီရန်က တိုက်ခိုက်ခဲ့ခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု သိရသည်။
အခြားအရာရှိတစ်ဦးက CNN သို့ ပြောကြားရာတွင် အပစ်အခတ်ရပ်စဲရေးမှာ အနည်းဆုံးတော့ ယာယီအားဖြင့် ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်းနှင့် အမေရိကန်စစ်တပ်သည် အခြေအနေကို စောင့်ကြည့်ရမည့် အနေအထားတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။
လက်ရှိအခြေအနေကြောင့် ဗုဒ္ဓဟူးနေ့တွင် ရေနံစျေးနှုန်းများ မြင့်တက်ခဲ့ပြီး၊ နိုင်ငံတကာစံနှုန်းဖြစ်သော Brent ရေနံစျေးနှုန်းသည် ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ၎င်းသည် ဧပြီ ၂၉ ရက်နောက်ပိုင်း တစ်ရက်အတွင်း အမြင့်ဆုံး ရေနံစျေးနှုန်းမြင့်တက်မှု ဖြစ်သည်။
ရေနံစျေးနှုန်းသည် ဇွန်လ ၁၉ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ၈၀ ဒေါ်လာအထက်သို့ ရောက်ရှိခဲ့ပြီး ၇၈ ဒသမ ၀၂ ဒေါ်လာတွင် စျေးပိတ်ခဲ့သည်။
Ref:CNN
#MeKongNews
#အီရန်ပစ်မှတ်
#အမေရိကန်
#တိုက်ခိုက်
#သေဆုံး








