မဲခေါင်၊ ဇူလိုင် ၄
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မန်ဖာကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ – MNDAA က ကျေးရွာဒေသခံ အမျိုးသား ၆ ဦးကို ဖမ်းဆီးသွားရာ လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
မန်ဖာ(ဖာငပ်)ရွာမှ အမျိုးသား ၆ ဦးကို ပြီးခဲ့သည့် ဇွန် ၂၈ ရက်တွင် ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးသဖြင့် မိသားစုဝင်များက အသက်အန္တရာယ်ကိုပါ စိုးရိမ်နေကြခြင်း ဖြစ်သည်။
ရွာထဲမှ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်နေသည့် အခြားရွာမှ အမျိုးသားတစ်ဦးကို ဒေသခံများက ရိုက်နှက်ဆုံးမရာမှ ကိုးကန့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
“ရွာထဲက အမျိုးသမီးတစ်ယောက်က သူ့ယောင်္ကျားအပြင်သွားတဲ့အချိန် အဲဒီ တခြားရွာကကောင်က လာလာအိပ်ပြီး ဖောက်ပြန်မှုတွေ လုပ်နေလို့ တစ်ခါမဟုတ် ၂ ခါ မဟုတ်ဆိုတော့ ရွာသားတွေက အဲ့လိုမလုပ်ဖို့ နှစ်ယောက်စလုံးကို ခဏခဏ ခေါ်ပြောတယ်။ နားမထောင်ဘူး၊ အတူနေချင်ရင်လည်း အခုယောင်္ကျားနဲ့ကွဲပြီး တရားဝင်ယူပြီးမှ နေလို့ပြောလည်း နားမထောင်လို့ ဒီတစ်ခါ ရွာသားတွေ ရိုက်ပြီး ဆုံးမလိုက်တာ။ အဲဒါ မကျေနပ်လို့ ကိုးကန့်တပ်ကို သွားတိုင်တော့ ကိုးကန့်တပ်က ရှိသမျှရွာထဲကအမျိုးသားတွေကို လာဖမ်းသွားတာ”ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။
မန်ဖာကျေးရွာသည် အိမ်ခြေ ၁၀ အိမ်သာရှိသဖြင့် ကိုးကန့်တပ်က ဖမ်းသွားသည့် ဒေသခံ အမျိုးသား ၆ ဦးသည် တစ်ရွာလုံးရှိ လူငယ်အမျိုးသားများဖြစ်သည်ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
“၆ ယောက်ကို ဖမ်းတယ်ဆိုပေမယ့် ရွာကသေးသေးလေးဆိုတော့ တစ်ရွာလုံးမှာရှိတဲ့ လူငယ်တွေ အကုန်လုံးကို ဖမ်းသွားတာပါပဲ။ အခုက လယ်တွေ လုပ်နေကြတဲ့အချိန်ဆိုတော့ အလုပ်တွေလည်း ပျက်ကုန်တယ်။ အခုထိလည်း မလွတ်လာသေးတော့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရတယ်”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဖမ်းဆီးသွားသည့် လူငယ်များကို ကိုးကန့်တပ်က တစ်ဦးကို ယွမ် ၅၀၀ (ကျပ်၃၅၀၀၀၀) ဒဏ်ငွေဆောင်ခိုင်းသဖြင့် အခက်အခဲဖြစ်နေကြသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ကိုးကန့်တပ်အနေဖြင့် လူမှုရေး ဖောက်လွဲဖောက်ပြန်လုပ်သူများကို အရေးမယူဘဲ တားဆီးသည့် ဒေသခံများကို ဖမ်းဆီးဒဏ်ရိုက် အရေးယူခြင်းသည် ပြဿနာကို ပြေလည်သွားစေမည် မဟုတ်ဘဲ ပိုကြီးထွားစေမည်ကို စိုးရိမ်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။
#MeKongNews
#မူဆယ်
#ဒေသခံ
#ကိုးကန့်တပ်ဖွဲ့
#ဖမ်းသွား








