မဲခေါင်၊ ဇွန် ၂၇
တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်ရှိ သဲကန္တာရအတွင်း အမေရိကန်၏ Arleigh Burke အမျိုးအစား ပဲ့ထိန်းဒုံးပါ ဖျက်သင်္ဘောနှင့် အရွယ်အစားပမာဏ တစ်ပုံစံတည်းရှိသော သင်္ဘောအတုကို တရုတ်ဆောက်လုပ်ထားကြောင်း ဂြိုဟ်တုဓာတ်ပုံမှ ရိုက်ကူးရရှိပြီး ထိုလုပ်ရပ်သည် သင်္ဘောဖျက် လက်နက်များ စမ်းသပ်လိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်းသုံးသပ်နေကြသည်။
တက္ကလာမာကန်သဲကန္တာရအတွင်း ယင်းသင်္ဘောပုံစံတူကို Copernicus, Sentinel-2 မှ ဂြိုဟ်တုဓာတ်ပုံ ရိုက်ကူးခဲ့ရာမှ မြင်တွေ့ရခြင်းဖြစ်ကာ ထိုသင်္ဘောကို တရုတ်က ၂၀၂၅ ခုနှစ်အောက်တိုဘာလက စတင်ဆောက် လုပ်ခဲ့သည်ဟုလည်း သိရှိရသည်။
တရုတ်တို့ မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုသို့ တည်ဆောက်ထားသည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း ဒုံးကျည်ပစ်မှတ် စမ်းသပ်ရန်အတွက် တည်ဆောက်ခြင်းဖြစ်မည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။
တရုတ်သည် ယခင်ကလည်း ထိုင်ဝမ်ရှိ လမ်းများနှင့်တစ်ပုံစံတည်း တည်ဆောက်ထားမှု၊ အမေရိကန် လေတပ်အခြေစိုက်စခန်းအတု တည်ဆောက်ထားမှုများ လုပ်ဆောင်ခဲ့သေးသည်။
လက်ရှိတွင် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် အနောက်နိုင်ငံတချို့ကြား တင်းမာမှုများ မြင့်တက်နေကာ ထိုင်ဝမ်ကမ်းခြေ အရှေ့ဘက်ပိုင်း၌ ကမ်းခြေစောင့် တရုတ်ကင်းလှည့်တပ်များစွာ ပို့ဆောင်လှည့်လည်နေသဖြင့် ထိုင်ဝမ်အား ဝင်သိမ်းပိုက်မည်ကို စိုးရိမ်နေရသည်။
ဇွန်လဆန်းပိုင်းက ထိုင်ဝမ်သည် အမေရိကန်မှ ဝယ်ယူထားသည့် HIMARS ဒုံးကျည်များဖြင့် တရုတ်နိုင်ငံဘက် ပင်လယ်ပြင်သို့ ပစ်ခတ်ကာ ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် တရုတ်သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်ကမ်းခြေတွင် ကင်းလယ်စစ်သင်္ဘောများစွာ တိုးမြှင့်ချထားခြင်းအပေါ် ထိုင်ဝမ်ရှိ ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီသံရုံးတို့မှ စိုးရိမ်ကြောင်း ပူးတွဲထုတ်ပြန်ခဲ့ကြသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ရှင်းကျန်း
#အမေရိကန်စစ်သင်္ဘောပုံတူ
#တရုတ်
#သင်္ဘောဖျက်လက်နက်








