မဲခေါင်၊ ဇွန် ၁၃
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် မူဆယ်တွင် ပြည်သူ့စစ်နှင့် တရုတ်လူမျိုးများ ပေါင်းဖွင့်ထားသည့် ကျားဖြန့်နှင့် မူးယစ်ဆေးရောင်းနေရာတစ်ခုကို ယနေ့တွင် စစ်ကောင်စီနှင့် ရဲတို့က အင်အားအပြည့်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန် ၁၃ ရက်၊ နံနက်ပိုင်းက မူဆယ်မြို့ဟိုနားရပ်ကွက်အတွင်းရှိ ကွမ်ရင်ဘုရားကျောင်းအနီး 888 BBQ အထက်နားရှိ နေရာတစ်ခုကို လက်ရှိ မူဆယ်တာဝန်ကျ ရမခ စစ်ဗျူဟာနှင့် ရဲတပ်ဖွဲ့တို့က ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပသစက ညှိပေမယ့် စစ်တပ်က အညှိမခံဘူး။ အခု ဗျူဟာမှူးက လူငယ်ပဲ၊ သူ့လက်ထက်မှာ ဖမ်းနေတာ ၄၊၅၊၆ ကြိမ်ရှိနေပြီ။ ခုဖမ်းမိတာ ဘယ်လောက်ဆိုတာ မသိရသေးဘူး”ဟု ဟိုနားရပ်နေသူတစ်ဦးက ပြောသည်။
လက်ရှိ မူဆယ်မြို့အခြေအနေမှာ လူပွဲစားများက တရုတ်ဘက်သို့ ပို့မည့် ချုပ်နှောင်ထားသူအများအပြား ရှိနေသည့် သတင်းကြောင့် လိုက်လံရှာဖွေ ဖမ်းဆီးနေခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
ဖမ်းဆီးရမိမှု အခြေအနေကိုမူ သေချာ မပြောနိုင်သေးသော်လည်း ရဲကားအပြာနှင့် သယ်ဆောင်သွားနေကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် မေ ၂၈ ရက်၊ ညနေ ၃ နာရီခွဲခန့်ကလည်းမူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်း အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီးတစ်ဦး၊ မြန်မာ နိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့အား အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန် ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန်ပျူတာ ၃၅ လုံး၊ Laptop ၁ လုံး၊ Power Station (အကြီး) ၁လုံး ၊ Power Station (အသေး) ၁လုံး ၊ WiFi စက် ၃ လုံး၊ ဘတ္ထရီဆိုင်ကယ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
#MeKongNews
#မူဆယ်
#ပြည်သူ့စစ်
#တရုတ်များ
#ကျားဖြန့်








