မဲခေါင်၊ ဇွန် ၁၃
တောင်ကြီးမြို့နယ်တရားရုံးမှ တွဲဖက်တရားသူကြီး နန်းအေးမြသီရိတို့မှာ ရှေ့နေများနှင့်ပေါင်းပြီး အမှုသည်များထံမှ ကျပ်သိန်းထောင်ချီ လာဘ်ငွေရယူကာ အမှုများကို စီရင်လေ့ရှိကြောင်း တရားရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
တောင်ကြီးမှ ရှေ့နေအချို့မှာ အမှုပွဲစားသဖွယ်ဆောင်ရွက်ပြီး မူးယစ်ဆေးဝါးမှု အပါအဝင် အမှုကြီးများတွင် ကျပ်သိန်း ၁၅၀၀၊ ၂၀၀၀ မှသည် ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ အထိ တောင်းယူကြောင်း၊ ယင်းနောက် စီရင်ချက်များကို အဂတိလိုက်စားကာ ချမှတ်ကြောင်း တရားရေးအသိုင်းဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ တရားသူကြီးများနှင့် အကျင့်ပျက်ရှေ့နေအချို့ ပူးပေါင်းကာ ငွေကြေးအဆမတန် တောင်းခံနေမှုကြောင့် ငွေကြေးမတတ်နိုင်သည့် သာမန်အရပ်သား အမှုသည်များမှာ မတရားသဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်း၊ တရားရင်ဆိုင်နေရစဉ်အတွင်း လာဘ်ငွေပေးရန်အတွက် ရှိသမျှအိုးအိမ်ခြံမြေများကို ပေါင်နှံရောင်းချရခြင်း စသည့် လူမှုစီးပွားဘဝ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့ပြင် ငွေကြေးအင်အား တတ်နိုင်သည့် ဒုစရိုက်သမားများနှင့် မူးယစ်မှောင်ခိုဂိုဏ်းဝင်များမှာမူ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိနေသဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးမှု လုံးဝပျက်ပြားနေသည်ဟု မြို့ခံများက ဆိုသည်။
တရားရုံးနှင့် နီးစပ်သည့် ရှေ့နေတစ်ဦးကလည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တရားစီရင်ရေးကဏ္ဍတွင် အထက်မှ အောက်ခြေအထိ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုဆိုးရွားလာခဲ့ပြီး၊ ယခု တောင်ကြီးမြို့နယ်တရားရုံးတွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များမှာ အထက်တန်းအရာရှိကြီးများအထိ လိုင်းကြေးငွေများ ပြန်လည်ခွဲဝေပေးရသည့် ကွင်းဆက်များရှိနေသဖြင့် မည်သူမျှ ဝင်ရောက်ရဲရဲတင်းတင်း တိုင်ကြားဝံ့ခြင်းမရှိဘဲ ဖြစ်နေရကြောင်း ဖွင့်ဟပြောဆိုသည်။
လက်ရှိတွင် တွဲဖက်တရားသူကြီး နန်းအေးမြသီရိတို့၏ အဂတိလိုက်စားမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ အမှုသည်များနှင့် ၎င်းတို့၏ မိသားစုဝင်များက ခိုင်လုံသည့် အထောက်အထားများ စုဆောင်းကာ သတင်းမီဒီယာများထံ ပေးပို့ရန် ပြင်ဆင်နေကြောင်း သိရသည်။
#MeKongNews
#တောင်ကြီး
#တရားရုံး
#အဂတိ








