မဲခေါင်၊ မေ ၁၇
ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ‘ဝ’ ဒေသအခြေစိုက် The Mountain Bank (TMB) ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လက်ရှိတွင် ဝန်ထမ်းများ ခေါ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဘဏ်သည် နိုင်ငံတကာအခြေစိုက်ဘဏ်တစ်ခု မဟုတ်ဘဲ မြန်မာနိုင်ငံအခြေစိုက် အထူးဒေသ (၂) ‘ဝ’ ဒေသ ပန်ဆန်း (ပန်ခန်း) မြို့တွင် အခြေစိုက်ထားသည့် ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။
“ယခင် KBZ ဘဏ် ဖွင့်လှစ်ခဲ့တဲ့နေရာမှာ ပြင်ဆင်နေတာပါ။ ဒီမှာက ၁၀၂၇ စစ်ဆင်ရေးပြီးကတည်းက ဘာဘဏ်မှ မရှိတော့ဘူး။ ကိစ္စရှိရင် မူဆယ်အထိ သွားကြရတယ်။ ပြီးတော့ နမ့်ခမ်းမှာက တရုတ်ယွမ်ငွေပဲ အဓိက သုံးစွဲကြတာဆိုတော့ မြန်မာကျပ်ငွေကို သိပ်မသုံးဖြစ်ကြဘူး” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် The Mountain Bank (TMB) ဘဏ်ဟု အမည်တပ်ထားသည့် ဝန်ထမ်းခေါ်ယူမှု ကြော်ငြာများကို လမ်းဘေးများတွင် ကပ်ထားသည်ကို တွေ့ရပြီး၊ ဘဏ်ဖွင့်လှစ်မည့်နေရာမှာ ယခင်က KBZ ဘဏ်ရုံးဟောင်း ဖွင့်လှစ်ခဲ့ဖူးသည့် မြို့မဈေးအနီးတွင် ဖြစ်ကြောင်း သိရသည်။
ယင်းဘဏ်အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ကြော်ငြာပါ ဖုန်းနံပါတ်သို့ မဲခေါင်သတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။
နမ့်ခမ်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ထိုနှစ် နိုဝင်ဘာလတွင် TNLA က မြို့ကို ထိန်းချုပ်ခဲ့သည်။
ယင်းနောက်ပိုင်း မြို့အတွင်းရှိခဲ့သည့် KBZ Bank ၊ AYA Bank ၊ CB Bank၊ MAB Bank နှင့် YOMA Bank စသည့် လိုင်စင်ရဘဏ်များအားလုံး လုပ်ငန်းများ ရပ်တန့်ခဲ့ရသည်မှာ ယနေ့ထက်တိုင် ဖြစ်ကြောင်း သိရသည်။
#MeKongNews
#နမ့်ခမ်းမြို့
#ဘဏ်လုပ်ငန်း
#ပန်ဆန်း
#TNLA








