မဲခေါင်၊ မေ ၁၁
အမေရိကန်နှင့် အစ္စရေးတို့ပေါင်းပြီး အီရန်အာဏာရှင်ခေါင်းဆောင် အလီခါမေနီကို လေကြောင်းတိုက်ခိုက်မှုဖြင့် လုပ်ကြံ ရှင်းလင်းပြီးနောက် မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်သည် မိမိကိုလည်း လုပ်ကြံလာပါက ချက်ချင်း အလိုအလျောက် ပစ်ခတ်တုံ့ပြန်သည့် နျူကလီးယားလက်နက် အသုံးပြုရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပါ ပြဌာန်းထားပြီဖြစ်ကြောင်း သိရှိရသည်။
ထိုဥပဒေသစ်အား မတ် ၂၂ ရက်ကတည်းက အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း ပြီးခဲ့သည့် မေ ၇ ရက်ကမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဥပဒေအပိုဒ်ခွဲ ၃ တွင် နျူကလီးယားလက်နက်ကိုင်တပ်အမိန့်နှင့် ထိန်းချုပ်ရေး စနစ်၌ ကင်ဂျုံအန်အား လုပ်ကြံပါက အလိုအလျောက် ချက်ချင်း နျူကလီးယားလက်နက် ပစ်ခတ်ခြင်းစနစ်ကို ထည့်သွင်းထားပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော် ကင်ဂျုံအန်ကို လုပ်ကြံမှုသည် အမေရိကန်နှင့် အစ္စရေးတို့ ဖေဖော်ဝါရီလအတွင်းက အလီခါမေနီအား လုပ်ကြံသကဲ့သို့ လွယ်ကူစွာ လုပ်ဆောင်နိုင်ဖွယ် မရှိပေ။
မြောက်ကိုရီးယားသည် တရုတ်၊ ရုရှားတို့နှင့် နယ်နိမိတ် ချင်းထိစပ်နေသလို နယ်စပ်လုံခြုံရေးကိုလည်း နှစ်ပေါင်းများစွာ အထူးတင်းကျပ်ထားကာ နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပေးသည့် လူနည်းစုကိုလည်း အမြဲစောင့်ကြည့်သဖြင့် လုပ်ကြံရန် ခက်ခဲခြင်းဖြစ်သည်။
ယင်းဥပဒေသစ်အရ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ဖြင့် ချက်ချင်းပစ်လွှတ်မှု သည် အမေရိကနှင့်အခြား ရန်ဘက်နိုင်ငံများအပေါ် ခြိမ်းခြောက်မှုထက် တောင်ကိုရီးယားကို ပိုအဓိကထား ခြိမ်းခြောက်ခြင်းသာဖြစ်မည်ဟုလည်း သုံးသပ်နေကြသည်။
ကင်ဂျုံအန်သည် တောင်နှင့်မြောက် ပြန်လည်ပေါင်းစည်းရေး ဆိုသော နှစ်ပေါင်းများစွာကတည်းက အစီအမံကို အလုံးစုံ ဖျက်သိမ်းခဲ့ကာ ၎င်းသည် လွတ်လပ်သော နိုင်ငံသစ်ဖြစ်ကြောင်းနှင့် တောင်ကိုရီးယားသည်သာ အဓိက ရန်သူနိုင်ငံ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
မေ ၈ ရက်က ကင်ဂျုံအန်သည် ကီလိုမီတာ ၆၀ အကွာအဝေးသို့ ပစ်ခတ်နိုင်သည့် ၁၅၅ မမ အလိုလျောက် ပဲ့ထိန်းစနစ်ပါ ဟောင်ဝစ်ဇာ လက်နက်သစ် ထုတ်လုပ်မှုသို့ သွားရောက်ကာ ကြီးကြပ်ခဲ့သလို မြေပြင်ထိုးစစ်တွင် ထိုလက်နက်သည် မဟာဗျူဟာကျသော လက်နက်ဖြစ်လာမည်ဟု ဆိုကာ အကွာအဝေးအားဖြင့် တောင်ကိုရီးယားကို ရည်ရွယ်ကြောင်း သိရှိစေရန် ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ခါမေနီ
#နျူကလီးယားလက်နက်
#ဥပဒေသစ်
#ကင်ဂျုံအန်
#ပြဌာန်း








