မဲခေါင်၊ ဧပြီ ၂၈
အင်ဒိုနီးရှားမြို့တော် ဂျကာတာအနီးတွင် ဖြစ်ပေါ်ခဲ့သော ရထား ၂ စီးတိုက်မိမှုတွင် သေဆုံးသူ ၁၄ ဦး အထိရှိလာခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၈၄ ဦး ရှိကြောင်း ရထားကုမ္ပဏီက ပြောကြားသည်။
ယမန်နေ့ညက မြို့တော် ဂျကာတာ၊ ဘီကာစီ ဒေသတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုတွင် ရထားများအတွင်း ပိတ်မိနေသူများကို ဆွဲထုတ်ကယ်ဆယ်မှု ပြီးစီးသွားပြီဟု ကယ်ဆယ်ရေးအဖွဲ့များက ယနေ့ နံနက်တွင် ပြောကြားကြသည်။
ရပ်ထားသော ခရီးသည်တင်ရထားကို လမ်းကြောင်းတစ်ခုတည်းပေါ်မှာပင် မောင်းနှင်လာသော ခရီးသည်တင် အဝေးပြေးရထားက နောက်ဘက်မှ ဝင်တိုက်ခဲ့ပြီးနောက် လူသေဆုံး ထိခိုက်မှုများဖြစ်ပေါ်ခဲ့ရသည်။
သေဆုံးသူ ၁၄ ဦး ရှိလာကြောင်းကို အင်ဒိုနီရှား အစိုးရရထားလိုင်း PT KAI ၏ အမှုဆောင်အရာရှိချုပ် ဘော်ဘီရက်စ်ယီဒင်က အတည်ပြုခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးသွားပြီ ဖြစ် ကြောင်း သို့သော် တွန့်လိမ်နေသော ရထားတွဲများထဲတွင် ပိတ်မိနေသော ခရီးသည်များကို ကယ်ဆယ်ရေးလုပ်ရသည်မှာ အလွန်သိမ်မွေ့ကြောင်း အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအေဂျင်စီအကြီးအကဲ မိုဟမ်မက် ရှာဖီးက ပြောသည်။
အမျိုးသမီးသီးသန့်တွဲတစ်တွဲမှာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ကာ သေဆုံး၊ ဒဏ်ရာရသူအားလုံးမှာ လည်း အမျိုးသမီးများညဖြစ်ကြောင်းနှင့် အများစုမှ တွန့်လိမ်သွားသော သံပြား၊ သံချောင်းများကြောင့် ထိခိုက်ခဲ့ကာ ပိတ်မိနေခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ရထား ၂ စီးကို မဖယ်ရှားမီတွင် ရထားတွဲ သံပြားများကို စက်ကိရိယာများဖြင့် ဖြတ်တောက်ကာ ကျွမ်းကျင်သူများဖြင့် အသက်ရှင်ကျန်သူများကို ကယ်ထုတ်ခဲ့ကြသည်။
ခရီးသည်တင်ရထားသည် ရထားလမ်းပေါ်တွင် အငှားယာဉ်တစ်စီးကို ဝင်တိုက်ခဲ့ကြောင်းနှင့် ထိုနောက်တွင် အဝေးပြေးရထားက ၎င်းအား နောက်မှ ဝင်တိုက်ခဲ့သည်ဟု ဘော်ဘီက အစောပိုင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
အခင်းဖြစ်ပွားသည့် ဘီကာစီဒေသမှ ဆေးရုံတစ်ရုံသို့ သွားရောက် ကြည့်ရှုခဲ့ပြီးနောက် ယာဉ်ကြောကျပ်မှုကို ကူညီဖြေရှင်းပေးရန် ရထားလမ်းများအနီးတွင် ခုံးကျော်တံတား တည်ဆောက်ရေးကို သဘောတူလိုက်သည်ဟု အင်ဒိုနီးရှားသမ္မတ ဆူဘီယန်တိုက ပြောကြားသည်။
ရထားလမ်းကွန်ရက် နေရာအများစုကို ကောင်းမွန်စွာ ထိန်းသိမ်း ထားခြင်း မရှိကြောင်းလည်း ဆူဘီယန်တိုက ဆက်ပြောသည်။
ရထားတိုက်မှုကို အင်ဒိုနီးရှား အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးကော်မတီ က စုံစမ်းစစ်ဆေးနေသည်။
အေးကျော်
Ref: Reuters
#MeKongNews
#အင်ဒိုနီးရှား
#ရထား
#တိုက်မှု
#သေဆုံး








