မဲခေါင်၊ ဧပြီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ရာအိမ်မှူးတစ်ဦးနှင့်အဖွဲ့က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ အထက်တန်းရှေ့နေတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုးကြိတ်ခံရသူ အထက်တန်းရှေ့နေ ဦးကျော်ဇင်ဆိုင်သည် ဧပြီလ ၁၅ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကလောသင်္ကြန် ဗဟိုမဏ္ဍပ်မှအပြန် ဘူတာလမ်းရှိ Kyaw Store ဆိုင်ရှေ့အရောက်တွင် ဆိုင်ကယ်စီးလာသည့် လင်မယားနှစ်ဦးနှင့် စကားများကြရာမှ ရာအိမ်မှူးဆိုသူ ဦးမောင်ငွေနှင့်အဖွဲ့ ရောက်ရှိလာကာ ဝိုင်းဝန်းထိုးကြိတ်ကြခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကိုသိသူ ဒေသခံတစ်ဦးက ပြောသည်။
“ဆိုင်ကယ်နဲ့ လင်မယား ၂ ဦးက ဦးမောင်ငွေအသိတွေ ထင်တယ်။ သူတို့ဆိုင်ကယ်ကို ရှေ့နေကားက တိုက်သွားတယ်ဆိုပြီး ပြဿနာတက်ကြတာ။ ရှေ့နေက မတိုက်ဘူးငြင်းတယ်။ ဒါပေမယ့် ကိစ္စပြတ်အောင် တစ်သိန်းခွဲလျော်ပေးမယ်ပြောတာ။ အဲဒါမှာ မကျေနပ်လို့ ပြဿနာထပ်တက်ကြရာကနေ ဦးမောင်ငွေတို့ ရောက်လာပြီး ထိုးကြတာ” ဟု ၎င်းက ပြောသည်။
ပြောဆိုညှိနှိုင်းနေစဉ် ဦးမောင်ငွေအပါ ၃ ဦး ရောက်လာပြီး အရက်လည်း မူးနေကြောင်း၊ ယင်းနောက် “လွှတ်တော်ကိုယ်စားလှယ်ကြီးပဲကိုး၊ ဒီကားလား” ဟု ပြောဆိုကာ အနီးရှိ ခဲများဖြင့် ကားကိုထုရန် လုပ်ဆောင်ခဲ့ကြောင်း၊ ဦးကျော်ဇင်ဆိုင်က ရဲခေါ်ပြီး ရှင်းမည်ဟု ပြောဆိုချိန်တွင် လူအုပ်ထဲမှ ဦးမောင်ငွေ ဆိုသူက “ငါက ရပ်ကွက် (၃) ရာအိမ်မှူးပဲ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးကို ဝိုင်းထိုးကြကွာ” ဟု အော်ဟစ်ကာ ဦးမောင်ငွေ အပါအဝင် လူ ၅ ဦးက ဝိုင်းဝန်းထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြဿနာဖြစ်စဉ် အနီးနားရှိသူတစ်ဦးက ပြောသည်။
“ဦးမောင်ငွေရဲ့ ကလေးတွေက ဝက်သားတုတ်ထိုးဝယ်ဖို့ ဆိုင်ကယ်ကို လမ်းပေါ်ရပ်ထားတာ။ ကားနောက်ပိုင်းနဲ့ ချိတ်မိလို့ တစ်သိန်းခွဲလျော်မယ် ပြောတာကို မကျေနပ်ရာကနေ ရဲခေါ်မယ်ဆိုတော့ ဒေါသဖြစ်ပြီး ဝိုင်းလုပ်လိုက်ကြတာ” ဟု ၎င်းက ပြောသည်။
ယင်းဝိုင်းဝန်းထိုးကြိတ်မှုကြောင့် ဦးကျော်ဇင်ဆိုင်မှာ မျက်နှာနှင့် တံတောင်ဆစ်များတွင် ဒဏ်ရာရကာ လူအုပ်စုဖြင့် ဝိုင်းဝန်းထိုးကြိတ်ခဲ့သူ ရာအိမ်မှူး ဦးမောင်ငွေနှင့် အဖွဲ့ကို ဧပြီလ ၂၀ ရက်တွင် ကလောမြို့မရဲစခန်း၌ တိုင်ကြားထားကြောင်း သိရသည်။
#MeKongNews
#ကလောမြို့
#ရာအိမ်မှူး
#သင်္ကြန်
#ရှေ့နေ








