မဲခေါင်၊ ဧပြီ ၈
ဟောမုဇ်ရေလက်ကြား ချက်ချင်းပြန်ဖွင့်ရန်နှင့် တင်သွင်း ထားသည့် အပစ်အခတ်ရပ်စဲရေးအဆိုကို လက်မခံပါက ၂၈ နာရီပြည့်သည်နှင့် အီရန်ယဉ်ကျေးမှု အဖွဲ့အစည်းအားလုံး အဆုံးသတ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ဆုံးရာဇသံပေးခဲ့သော်လည်း သတ်မှတ်ချိန်ပြည့်ရန် မိနစ် ၉၀ အလိုတွင် နောက်ထပ် ၂ ပတ် အပစ်အခတ်ရပ်စဲပြီး အချိန်ထပ်ပေးသည်ဟု ယနေ့ မတ် ၈ ရက် အစောပိုင်း တွင် အတည်ပြု ကြေညာလိုက်သည်။
အီရန်၏ အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီက ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီနိုင်ခဲ့ကာ ထို အပစ်ရပ်ထားသည့် ကာလအတွင်း ဟောမုဇ်ရေလက်ကြားအတွင်း သင်္ဘော များ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဟု ထုတ်ပြန်ခဲ့သည်။
သို့သော် ထုတ်ပြန်ချက်အရ သဘောတူညီမှုသည် တစ်စိတ်တစ်ပိုင်းသာ ရရှိခြင်းဖြစ်ကာ တင်းမာမှု ဆက်ရှိနေဆဲ ဖြစ်သည်ကို သိရှိနိုင်သည်။
“အီရန်အပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားရင် တော့ အင်အားကြီးမားပြီး အစွမ်းထက်တဲ့ ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်တွေဟာ ကာကွယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းသွားပေးမှာပါ။ ဟောမုဇ်ရေလက်ကြား ၂ ပတ်တာအတွင်း ပြန်ဖွင့်ပေးမှုမှာ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်ပေမယ့် အီရန်လက်နက်ကိုင်တပ်တွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ပေးသွားမှာဖြစ်တယ်။ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ နည်းပညာဆိုင်ရာ ကန့်သတ်ချက်တွေကိုတော့ ထည့်သွင်း စဉ်းစားသွားမှာပါ”ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်ဘက်ကလည်း အမေရိကန်သာမက အစ္စရေးတပ်များပါ ထို ၂ ပတ်တာအတွင်း အပစ်ရပ် စဲပြီး ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်သွားမည်မဟုတ်ဘဲအီရန်ဘက်မှ တင်သွင်းသည့် အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုသည် ဆက်လက်ဆွေးနွေးပြီး အကျိုးဖြစ်ထွန်းနိုင်သည့် အခြေအနေကြောင့် ယခုလို သဘောတူခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။
ယင်းငြိမ်းချမ်းရေးဆွေးနွေးမှုကို ပါကစ္စတန်က အဓိက လက်ခံညှိနှိုင်းပေးနေခြင်းဖြစ်ကာ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ဂ်ချီက ပါကစ္စတန်အပေါ် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်
#လူ့ယဉ်ကျေးမှုအဖွဲ့အစည်း
#ခြိမ်းခြောက်
#အပစ်အရပ်
#ထရမ့်








