မဲခေါင်၊ ဧပြီ ၅
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ယခင်ဒုတိုင်းမှူး ဇော်ဇော်နိုင်၏ ကတော်ဖြစ်သူ ဒေါ်အေး အေးသိမ့်က တောင်ကြီးမှ စက်သုံးဆီများကို ဆီဘောက်ဆာများဖြင့် တင်ပြီး လဲချားမြိုသို့ မှောင်ခို ပို့နေကြောင်း တောင်ကြီး သတင်းအရင်းအမြစ်က မဲခေါင်သို့ သတင်းပေးသည်။
ယင်းဆီဘောက်ဆာများမှာ ဂါလံ ၉၅၀၀ ဆန့် ယာဥ်များဖြစ်ကာ ၂ ရက်ခြားတစ်ခါမျှ လဲချားသို့ ရောက်ရှိနေပြီး လမ်းတစ်လျှောက် အဖွဲ့အစည်းများကို လာဘ်ငွေ ပေးကမ်းလာခဲ့သည်ဟု ဆိုသည်။
“အရင်အပတ်ထဲက လိုက်နေတာ၊ ခုကျ သေချာသိရလို့ သတင်းပို့တာပါ။ နယ်လုံလက်မှတ်နဲ့ သယ်ခွင့်ရတယ်၊ လွိုင်လင်တပ်နယ်မှူး၊ လဲချားအုပ်ချုပ်ရေးပိုင်းကို ဝင်ထားတော့ အဆင်ပြေနေတာပေါ့။ အဆင်မပြေတာက တောင်ကြီးမှာ ဆီလုံလောက်လောက် ဖြန့်ရမှာကို မှောင်ခိုတင်လာပြီး ဒီမှာ စျေးကြီးကြီးနဲ့လာရောင်းနေတာပဲ”သတင်းရင်းမြစ်က ပြောသည်။
ဆီသယ်ခွင့်မှာ ကျပ်သိန်း ၈၀ မှ သိန်းရာကျော် အထက် ပေါက်နေသလို လွိုင်လင်တပ်နယ်ဖြတ်သန်းခမှာ ကျပ်သိန်း ၃၀ ရှိနေပြီး လွိုင်လင်၊ လဲချားကြားရှိ ရလခစစ်တပ် စစ်ဆေးရေးဂိတ် နောင်လျန်၌ လည်းပေးရကာ လဲချားရောက် ဆီများကို လဲချားတပ်နယ်မှူး ခလရ – ၆၄ မှ ဗိုလ်ကြီးနေလင်းအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတစ်တို့က စီမံခန့်ခွဲ ဖြန့်ဖြူးကြကြောင်း ၎င်းထံမှ သိရသည်။
တောင်ကြီးတွင် ဆီတစ်လီတာ ၆၅၀၀ ရှိနေစဥ် ယခု လဲချား၌ တစ်လီတာ ၁၂၅၀၀ ကျပ်ရှိနေသည်ဟု ၎င်းက ဆိုသည်။
“ဆီက ပုံမှန်ဆို တစ်သောင်းအောက်ပဲဗျာ။ ခုလိုတာဝန်ရှိသူတွေ ကိုယ်တိုင်က မဟုတ်မတရား ပြုတော့ ဆီတစ်ကယ် လိုအပ်နေတဲ့ ပြည်သူတွေ၊ တောင်သူတွေ စျေးကြီးပေး ဝယ်သုံးနေရတာ မဖြစ်သင့်ဘူး”ဟု သတင်းရင်းမြစ်က ပြောသည်။
လဲချားသို့ရောက်လာသည့် ဆီများကို လဲချားအဝင် ဝမ်ဆန်းရွာအနီးနှင့် လဲချားမြို့မ ဘုန်းကြီး ကျောင်းဝင်းများအတွင်း လဲလှယ် ဖြန့်ဖြူးနေကြသည်ဟု သိရသည်။
#MeKongNews
#ရလခ
#ဒုတိုင်းမှူးဟောင်း
#ကတော်
#ဆီဘောက်ဆာ
#မှောင်ခို
#စက်သုံးဆီ








