မဲခေါင် ၊ ဧပြီ ၃
စစ်ကောင်စီ ဖိအားကြောင့် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသည့် မိုင်းကိုင် – နမ့်လမ် လမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ၏ စခန်းများ ရုပ်သိမ်း ဆုတ်ခွာသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်က ဖိအားပေး ဖြုတ်ခိုင်းသဖြင့် မိုင်းကိုင် – နမ့်လန် လမ်မပေါ်တွင်ရှိသည့် SSPP စခန်းများ ရုပ်သိမ်း ဆုတ်ခွာသွားသော်လည်း ယင်းဒေသမှ ထွက်ခွာသွားခြင်း မဟုတ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။
“လမ်းမကြီးပေါ်မှာရှိတဲ့ ဂိတ်တွေက ဖြုတ်သွားတာ လေးငါးရက်ရှိပြီ၊ ကျေးရွာတွေဘက်မှာတော့ အရင်အတိုင်းပဲ။ လမ်းမပေါ်ကဂိတ်ကို ဖယ်ပေးလိုက်ရတာပေါ့။ ဖြုတ်သွားတဲ့ ဂိတ်ကတော့ လေးငါးဂိတ်လောက်ရှိတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
SSPP တပ်ဖွဲ့က လမ်းမပေါ်ရှိ ဂိတ်များကို ရုပ်သိမ်းဖယ်ပေးခဲ့သော်လည်း လမ်းမကြီးတစ်လျှောက် အနီးရှိ ကျေးရွာများတွင်မူ ယခင်အတိုင်း တပ်စွဲနေဆဲဖြစ်ကာ အုပ်ချုပ်ရေး လုပ်ငန်းများကိုလည်း ပုံမှန်အတိုင်း လုပ်ဆောင်နေဆဲ ဖြစ်သည်။
“သူတို့အုပ်ချုပ်ရေးလည်း ပုံမှန်လည်ပတ်နေတာပဲ အရင်နဲ့ ဘာမှတော့ မထူးသွားပါဘူး၊ လမ်းမပါ်မှာ မထိုင်တော့တာပဲ ရှိတယ်။ လမ်းမပေါ်မှာ သူတို့ထိုင်တာလည်း ၂ နှစ်ကျော်ကျော်လောက်ပဲ ရှိသေးတယ်။ အခုက စကစဖက်က လမ်းမပေါ်ကနေ မဆုတ်ရင် တိုက်ပွဲ ဖြစ်ရလိမ့်မယ်ဆိုပြီး ဆုတ်ခိုင်းတော့ တိုက်ပွဲမဖြစ်ချင်လို့ ဖြုတ်ပေးလိုက်တာတဲ့”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် – နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP စစ်ဆေးရေး ဂိတ်များကို စစ်ကောင်စီက ဖိအားပေးသဖြင့် ဖြုတ်သိမ်းရခြင်း ဖြစ်ပြီး ထိန်းချုပ် နယ်မြေတစ်ခုလုံး မဟုတ်ဘဲ ကားလမ်းပေါ်မှ ဂိတ်များသာ ဖယ်ရှားရခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းမကြီးက ကိုက်၁၀၀၀ အတွင်း မရှိရဘူးလို့ သိရတယ်၊ ပြည်ထောင်စုလမ်းမကြီး ဘေးတလျှောက် ရောက်နေတဲ့ တပ်တွေအားလုံး ဖယ်ဖို့ နည်းမျိုးစုံ ဖိအားနေမှာပဲ”ဟု မိုင်းကိုင်ဒေသ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လတွင်လည်း ရှမ်းတောင်နှင့် ရှမ်းမြောက်ကို ဆက်သွယ်ထားသည့် ရပ်စောက် – ကျောက်ဂူလမ်းမပေါ်ရှိ SSPP တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များကို ဖယ်ရှားခိုင်းခဲ့သေးသည်။
မိုင်းကိုင် – နမ့်လန် ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တပ်ဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS အဖွဲ့တို့ လှုပ်ရှားလျက်ရှိသည်။
#MeKongNews
#စစ်ကောင်စီ
#ဖိအားကြောင့်
#မိုင်းကိုင်
#SSPP
#ဆုတ်ခွာ








