မဲခေါင်၊ မတ် ၃၁
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဒေါ် ဇင်မာဝင်းသည် ပွဲစားများနှင့်ပေါင်း၍ လိုင်စင်နှင့် မော် တော်ယာဥ်ဆိုင်ရာ ကိစ္စရပ်များကို တရားမဝင် ငွေရယူကာ လုပ်စားနေသည်ဟု ဒေသခံများ၏ စွပ်စွဲဝေဖန်မှုများ ထွက်ပေါ်နေသည်။
ကညနဝန်ထမ်းများနှင့် ပေါင်းကာ ဝန်ထမ်းကဲ့သို့ အချိုးမျိုးဖြင့် လုပ်စားနေကြသည့် ပွဲစားများမှာ လက်ပွား ခေါ် လှိုင်ဘွား၊ အောင်ပုနှင့် အခြား ၄ ဦးခန့်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပုံမှန်အတိုင်းလုပ်ရင် အဆင်မပြေဘူး၊ ယာဥ်မောင်းလိုင်စင်ဆို မအောင်တာများတယ်။ ဖြေသူ အနည်း ဆုံး ၂၅ ယောက်ရှိမှဆိုပြီး ပွဲစားနဲ့ လိုင်းဝင်သူကျတော့ ဖြေစရာမလိုဘဲ အအောင်ပေးတယ်။ အခြား ယာဥ်သက်တမ်းတိုး ဘာညာကအစ ပွဲစားမပါရင်ကို အဆင်မပြေဘူး”ဟုအောင်ပန်း လက်မပင်ရပ်နေသူတစ်ဦးက ဆိုသည်။
အောင်ပန်း ကညနသည် လားရှိုး၊ ကျောက်မဲ စစ်ရှောင်များ၏ ဆိုင်ကယ်များ သက်တမ်းတိုးရာတွင် ပွဲစားများမှ တစ်ဆင့် ငွေကြေး အများအပြား ရယူခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
“အမောင်းသင်ကနေ ‘ ခ ‘လိုင်စင်ကို ပွဲစားစျေး ၂ သိန်းခွဲရှိတယ်၊ အုံနာဘုတ်က ၅ သိန်းကျော်ရှိတယ်။ ကိုယ့်ဘာသာ ကိုယ်လုပ်ရင် သိပ်မကုန်ပေမယ့် ပညာပြနေတော့ အဆင်မပြေကြလို့ ပွဲစားပဲ ပေးလုပ်နေကြရတယ်။ ခုလို ခေတ်ကြီးမှာ ပြုပြင်ပေးမယ့်သူလည်း မရှိလို့ မီဒီယာကိုပဲ ပြောရတာ”ဟု အောင်ပန်း၊ လှည်းရိုးရပ်နေသူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ အောင်ပန်း ကညန မှ ပွဲစားများဖြင့် ပေါင်းစားနေပြီး ပြုပြင် အရေးယူပေးမည့်သူ မရှိဘဲ ယခု ဦးစီးမှူးအထိ လက်ဆင့်ကမ်း လုပ်ဆောင်လာနေခြင်း ဖြစ်ကြောင်း ဒေသခံများက ဝေဖန်လျက်ရှိသည်။
#MeKongNews
#အောင်ပန်း
#ကညန
#ပွဲစား
#လုပ်စား








