မဲခေါင်၊ မတ် ၃၀
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ တုန်းလည်ကျေးရွာအုပ်စုရှိ တောင်ပို့ကြီးကျေးရွာတွင် မတ် ၂၆ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံးနှင့် ဆိုင်ကယ် ၅ စီး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းမီးလောင်မှုသည် ည ၁၀ နာရီခွဲခန့်တွင် နေအိမ်တစ်လုံး၌ လျှပ်စစ်ကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အစောပိုင်းတွင် အိမ်ရှင်များက ကိုယ် တိုင် မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့သော်လည်း မီးအရှိန် မြင့်လာမှုကြောင့် မထိန်းချုပ်နိုင်တော့ဘဲ အနီးအနားရှိ အိမ်များသို့ ဆက်လက်ကူးစက် လောင်ကျွမ်းသွားခဲ့သည်။
“မီးလောင်တာကို အချိန်မီ ဘေးအိမ်ကလူတွေကို နှိုးပြီး ပြောခဲ့ရင် ထိန်းနိုင်လောက်တယ်။ နောက်မှ အော်ခေါ် အကူညီတောင်းတော့ မီးက တော်တော်ပြင်းနေပြီ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
မီးလောင်မှုကြောင့် နေအိမ် ၃ လုံး လုံးဝပြာကျသွားခဲ့ပြီး အိမ်တစ်လုံးတွင် သိမ်းဆည်းထားသည့် ဆိုင်ကယ် ၅ စီးလည်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေသအတွင်း အင်းရေ အနည်းငယ်သာရှိနေခြင်းကြောင့် မီးသတ်ရာတွင် ရေမလုံလောက်မှု.ဖြစ်ခဲ့သည့်အပြင် လေပြင်းများကြောင့် မီးသည် လျင် မြန်စွာ ပျံ့နှံ့ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
“အိမ်တွေက သစ်သားနဲ့ ဆောက်ထားတာကြောင့် မီးက တစ်ခါတည်း လျင်မြန်စွာ ကူးသွားခဲ့တယ်။ ခုရာသီက အင်းထဲမှာ ရေက အရမ်းနည်းနေတော့ မီးသတ်ဖို့ အခက်အခဲ ဖြစ်သွားတယ်။ လေကလည်းတိုက်နေတော့ မီးက မြန်မြန်ပျံ့သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်ကို ရဲတပ်ဖွဲ့မှ စစ်ဆေးရန် ဖမ်းဆီးသွားကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ပစ္စည်းပိုင်ဆိုင်မှု ဆုံးရှုံးမှုများ များပြားခဲ့ကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#ညောင်ရွှေ၊
#တောင်ပို့ကြီးကျေးရွာ
#မီးလောင်မှု
#ဆိုင်ကယ်








