မဲခေါင်၊ မတ် ၂၄
ဟောမုဇ်ရေလက်ကြားအား ဖြတ်သန်းသွားသည့် ကုန်သင်္ဘောများကို အကာအကွယ်ပေးရန် အင်အားသုံးရေး၊ သံတမန်ရေးစကားဖြစ်သည့် နည်းလမ်းအားလုံး သုံးခွင့်ပေးရေး နိုင်ငံများကို ခွင့်ပြုချက် အပ်နှင်းသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ဘာရိန်းနိုင်ငံက တင်သွင်းလိုက်ကြောင်း သိရသည်။
ယင်းဆုံးဖြတ်ချက်မူကြမ်းကို ပင်လယ်ကွေ့ အာရပ်နိုင်ငံများနှင့် အမေရိကန်က ထောက်ခံထားသော်လည်း ဘာရိန်းဆုံးဖြတ်ချက် မအောင်မြင်နိုင်ကြောင်း သံတမန်များက သုံးသပ်ကြသည်။
သို့သော် ဟောမုဇ်ရေလက်ကြားအား အီရန်က ဆက်လက် ခြိမ်းခြောက်နေမှုကို ဒေသတွင်းနိုင်ငံများကြား စိုးရိမ်မှု ကြီးထွားလာနေသည်ကို ယခုလုပ်ရပ်က မီးမောင်းထိုးပြနေသည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ၅ ပုံ၊ တစ်ပုံခန့် ဖြတ်သန်းနေပြီး ပင်လယ်ကွေ့နိုင်ငံများ၏ စွမ်းအင်စီးပွားရေး အသက်သွေးကြော ဖြစ်နေသည့် ဟောမုဇ်ရေလက်ကြားကို ပိတ်ပစ်ရေးသည် အီရန်၏ အဓိက ရည်မှန်းချက်တစ်ခုဖြစ်ကာ အမေရိကန်၊ အစ္စရေးတို့နှင့် ပဋိပက္ခ စတင်ခဲ့ချိန်မှစ၍ အီရန်က ရေလက်ကြားဖြတ် ရေနံနှင့် ကုန်သင်္ဘောများကို တိုက်ခိုက်ခဲ့ရာ ဖြတ်သန်းမှု လုံးဝနီးပါး ရပ်တန့်နေသည်။
အီရန်၏ လုပ်ရပ်များသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ကြောင်း ဘာရိန်းဆုံးဖြတ်ချက်မူကြမ်းက ပြောကြားပြီး နိုင်ငံတကာရေကြောင်းသွားလာမှု၌ အတားအဆီးမရှိစေရေး ကမ္ဘာ့နိုင်ငံများက တစ်နိုင်ငံချင်းစီလည်းကောင်း၊ စုဖွဲ့၍လည်းကောင်း နည်းလမ်းပေါင်းစုံ အသုံးပြုသွားရေးကို ဆုံးဖြတ်ချက်မူကြမ်းက တောင်းဆိုထားသည်။
အီရန်က ကုန်တင်သင်္ဘောများအား တိုက်ခိုက်ခြင်းများကို ရပ်တန့်ပြီး ရေလက်ကြားအတွင်း လွတ်လပ်စွာ သွားလာခွင့်အား အခက်အခဲဖြစ်စေရန် ကြိုးပမ်းမှုမှန်သမျှကို ရပ်တန့်ရန်လည်း မူကြမ်းက တောင်းဆိုထားသည်။
အီရန်၏ မဟာမိတ်များဖြစ်သည့် ရုရှားနှင့်တရုတ်က လိုအပ်လျှင် ဗီတိုအာဏာ သုံးမည်ဖြစ်သောကြောင့် ထိုကဲ့သို့သော ဆုံးဖြတ်ချက် အတည်ဖြစ်ရန် အလားအလာ အလွန်နည်းသည်ဟု ဥရောပနှင့် အနောက်တိုင်းသံတမန် ၃ ဦးက ပြောကြားသည်။
အေးကျော်
Ref: Reuters
#MeKongNews
#ဟောမုဇ်
#ကာကွယ်ရေး
#အင်အားသုံး
#ကုလလုံခြုံရေးကောင်စီ
#ဘာရိန်း








