မဲခေါင်၊ မတ် ၂၄
ရန်ကုန်မှ တောင်ကြီးသို့ အလုပ် လာရောက်လုပ်ကိုင်သူတစ်ဦး ညဖက်အပြင်ထွက်ရာမှ ပျောက်ဆုံးသွားသည်ဟု မိသားစုဝင်နှင့်နီးစပ်သူများက ပြောသည်။
ရန်ကုန်မြို့ အရှေ့ဒဂုံ ၁၃ ရပ်ကွက်တွင် နေထိုင်သူ မောင်သိန်းဇော်သည် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ကားဝပ်ရှော့တခုတွင် အလုပ်လုပ်ကိုင်နေရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
“သစ်တောရပ်ကွက် ဘောလုံးကွင်းနား ကားဝပ်ရှော့တစ်ခုမှာ အလုပ်သွားလုပ်တယ်လို့ ပြောတာ တောင်ကြီးရောက်ပြီး မကြာဘူး၊ အပြင်ထွက်ရင်းနဲ့ ပျောက်သွားတယ်၊ လိုက်စုံစမ်းတာလည်း အခုထိ သတင်းမရသေးဘူး။ ဘာသတင်းမှလည်း မရတော့ဘူး တောင်ကြီးမှာက ပေါ်တာဆွဲတာတွေလည်း သတင်းတွေတွေ့ရတော့ ပေါ်တာဆွဲတဲ့အထဲ ပါသွားတာလား စိုးရိမ်နေကြတယ်”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
၎င်းအား တွေ့ရှိပါက အကြောင်းကြားပေးရန်လည်း ၎င်း၏ ဖခင်က လူမှုကွန်ယက်တွင် အကူအညီတောင်းထားသည်။
“ကျနော့်သားလေး မောင်သိန်းဇော် တောင်ကြီးသွားရင်းနဲ့ ပျောက်သွားပါတယ်။ ကူညီပေးကြပါ။ မေတ္တာရပ်ခံပါတယ်”ဟု ၎င်း၏ ဖခင်က ပြောသည်။
လက်ရှိတွင် ဘောလုံးကွင်းတိုက်တန်းအား စစ်ကောင်စီက ဖျက်သိမ်းကာ ပြည်သူများနှင့် ဆိုင်ခန်းများကိုလည်း ရွေ့ပြောင်းခိုင်းလိုက်ပြီ ဖြစ်သဖြင့် ပျောက်ဆုံးသူအား စုံစမ်းရန် ပိုမိုခက်ခဲသွားသည်။
“အခုက အဲဒီ ဘောလုံးကွင်းတိုက်တန်းတွေကို စစ်ကောင်စီက ဖျက်နေပြီလေ ဆိုင်တွေလည်း ရွှေ့ပြောင်းနေကြပြီဆိုတော့ စုံစမ်းရတာ ပိုခက်ခဲသွားနိုင်တယ်။ အရင်က ပေါ်တာဆွဲတာတွေလည်း ကြမ်းနေတော့ လူပျောက်တာလည်း ခဏခဏဖြစ်တယ်။ တချို့က ပြန်ရွေးကြတာလည်းရှိတယ်။ ပေါ်တာဆွဲတဲ့ထဲ ပါသွားတာလည်းဖြစ်နိုင်တယ်ဗျ”ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။
တောင်ကြီးမြို့တွင် ယခင်က စစ်မှုထမ်းရန် လူစုဆောင်းရာ၌ ပျူစောထီးများကိုသာ အသုံးချ ပေါ်တာဆွဲခိုင်းပြီး အာဏာပိုင်များက မသိချင်ယောင်ဆောင်ခဲ့သော်လည်း လက်ရှိတွင် တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးလှိုင်မြင့် ကိုယ်တိုင် လူမြင်ကွင်းတွင် ဦးဆောင်ပါဝင်ကာ ပေါ်တာဆွဲခြင်းပြုလုပ်လျက်ရှိသည်။
တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးသည့် ပုံစံများမှာ ည ၉ နာရီနောက်ပိုင်းတွင် လုံခြုံရေးအကြောင်းပြ ကင်းလှည့်သည့် ပုံစံဖြင့် လူပြတ်သည့်နေရာများ၌ စောင့်ဆိုင်းကာ ဖမ်းဆီးခြင်း၊ စစ်တပ်အသုံးအဆောင်များ မပါဘဲ အရပ်ဝတ်များ၊ အရပ်ကားများဖြင့် လှည့်လည်၍ ပေါ်တာဆွဲခြင်း လူပြတ်သည့်နေရာများအား ဒရုန်းဖြင့် စောင့်ကြည့် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်။
#MeKongNews
#ရန်ကုန်
#တောင်ကြီး
#အလုပ်
#ပျောက်ဆုံး








