မဲခေါင်၊ မတ် ၂၃
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုအတွင်း တောင်ကြီး – ပင်ငိုသွားလမ်းတွင် လျှပ်စစ်မီးကြိုး လျော့ကျသဖြင့် ယမန်နေ့ မတ်၂၂ ရက် ညနေ ၃ နာရီခန့်က အမျိုးသား ၂ ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့မှ ၅ မိုင်ခန့်အကွာရှိ တောင်ကြီး – ပင်ငိုသွားလမ်းတွင် တောင်ကြီး – ဟိုပုံးသို့ သွယ်တန်းထားသည့် ဗို့အား ၁၁၀၀၀ ရှိ လျှပ်စစ်မီးကြိုးတစ်ချောင်း လေတိုက်ခတ်မှုကြောင့် မြေပြင်နှင့် ၃ ပေခန့်အကွာအထိ ကျဆင်းနေခဲ့ပြီး ထိုနေရာကို ဖြတ်သန်းလာသော ဆိုင်ကယ်က ဝင်ချိတ်မိရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လေတိုက်လို့ မီးကြိုး နိမ့်နေတဲ့အချိန်မှာ ဆိုင်ကယ်က မမြင်လိုက်ပဲ ဝင်ချိတ်မိတာပါ၊ ဖြစ်တာက တစ်ခဏလေးပဲ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ပင်ငိုကျေးရွာနေ ခွန်ကျော်ထူး မောင်းနှင်ပြီး ခွန်ဖြိုးအောင် လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ်သည် လျှပ်စစ်ကြိုးအား ချိတ်မိခဲ့ခြင်းကြောင့် ၂ ဦးစလုံး ဓာတ်လိုက်ကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“မီးကြိုးက အန္တရာယ်ရှိနေသေးလို့ ကူညီဖို့တောင် မနီးကပ်ရဲဘူး၊ လူတွေက ကြည့်နေရုံပဲ ဖြစ်သွားတယ်။ နောက်မှ ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ပြီး ကူညီဆောင်ရွက်ခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဓာတ်လိုက်မှုကြောင့် သေဆုံးသူ ၂ ဦး၏ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်နှင့် ခြေထောက်များတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူများ၏ ရုပ်အလောင်းကို ဆန္ဒဗွေ လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MeKongNews
#တောင်ကြီး
#ပင်ငိုလမ်း
#မီးကြိုးကျ
#ဓာတ်လိုက်သေဆုံး








