မဲခေါင်၊ မတ် ၂၀
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ပွဲကို ပိုမို နက်ရှိုင်းလာစေခဲ့သည့် အီရန်၏ သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ထပ်မလုပ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးအား ပြောကြားခဲ့ပြီးနောက် အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုလှိုင်းသစ်ကို စတင်လိုက်သည်။
အီရန်အစိုးရ၏ တီဟီရန်မြို့လယ်ရှိ အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုလှိုင်းသစ်ကို စတင်လိုက်သည်ဟု အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသော်လည်း အသေးစိတ်ကို မပြောပေ။
ကမ္ဘာ့ရေနံဈေးနှုန်းများကို လှုပ်ခတ်သွားစေခဲ့သည့် ဒေသတွင်း စွမ်းအင်လုပ်ငန်း အခြေခံအဆောက်အအုံများအပေါ် အီရန်၏ ရက်ပေါင်းများစွာ တိုက်ခိုက်မှုများ ဖြစ်ပေါ်ပြီးချိန် ယနေ့နံနက်တွင်လည်း အီရန်၏ ဒုံးကျည်များကို ဟန့်တားနေရကြောင်း ဘာရိန်း၊ ကူဝိတ်နှင့် ယူအေအီးနိုင်ငံတို့က ပြောကြားကြသည်။
အီရန်နိုင်ငံ၏ အဓိက ဓာတ်ငွေ့လုပ်ငန်းနေရာကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာ့သဘာဝဓာတ်ငွေ့ရည် ၅ ပုံ၊ တစ်ပုံကို ထုတ်လုပ်ပေးနေသည့် ကာတာနိုင်ငံမှ Ras Laffan Industrial City ကို တိုက်ခိုက်၍ အီရန်က လက်တုံ့ပြန်ခဲ့ရာ၌ နှစ်နှင့်ချီ၍ ပြုပြင်ရမည့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ ယမန်နေ့တွင် စွမ်းအင်ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။
အီရန်၏ စွမ်းအင်အဆောက်အအုံများကို တိုက်ခိုက်ခြင်းကြောင့် စစ်ပွဲအား အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားစေခဲ့ကြောင်းနှင့် ယင်းအဆင့်တွင် အီရန်က အမေရိကန်နှင့် ဆက်စပ်သော စွမ်းအင်လုပ်ငန်းများကို ပစ်မှတ်ထားသွားမည်ဟု အီရန်စစ်ဘက်က ပြောကြားသည်။
အီရန်၏ စွမ်းအင်လုပ်ငန်း အခြေခံနေရာများအပေါ် ထပ်မံ တိုက်ခိုက်ခဲ့ပါက အမေရိကန်နှင့် မဟာမိတ်များ၏ စွမ်းအင်လုပ်ငန်းအခြေခံ အဆောက်အအုံများ လုံးဝဥဿုံပျက်စီးသွားသည့် အချိန်အထိ အီရန်က ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇိုလ်ဖာကာရီကို ကိုးကား၍ အီရန်အစိုးရမီဒီယာက ဖော်ပြသည်။
အီရန်၏ တိုက်ခိုက်မှုကြောင့် ကာတာအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ တန်သော သဘာဝဓာတ်ငွေ့အရည် (LNG) လုပ်ငန်း ၆ ပုံ၊ တစ်ပုံကို ပျက်ဆီးခဲ့ကာ ပြုပြင်ရန်လည်း ၃ နှစ်မှ ၅ နှစ်အထိ ကြာမြင့်နိုင်သည်ဟု Qatar Energy ကုမ္ပဏီ စီအီးအိုက ရိုက်တာသတင်းကို ပြောသည်။
ထို့ပြင် ဆော်ဒီအာရေးဗျနိုင်ငံ၏ ပင်လယ်နီ အဓိကဆိပ်ကမ်းကိုလည်း အီရန်က တိုက်ခိုက်ခဲ့ရာ၌ ယင်းအတွက် လက်တုံ့ပြန်ခွင့်ကို ဆော်ဒီက ကိုင်စွဲထားမည်ဖြစ်ကြောင်း ဆော်ဒီအာဏာပိုင်များက ပြောကြားကြသည်။
အေးကျော်
Ref: Reuters
#MeKongNews
#စစ်ပွဲ
#အစ္စရေး
#အီရန်
#တိုက်ခိုက်မှု








