မဲခေါင် ၊ မတ် ၁၉
မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု ဟံဗွာကျေးရွာတွင် တိုက်ပွဲ မဖြစ်ပွားတော့သော်လည်း ရွာကို PNO ပြည်သူ့စစ်က မီးရှို့လိုက်သဖြင့် ပြည်သူများမှာ တောထဲတောင်ထဲတွင် တဲထိုးကာ နေထိုင်နေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်းရှိ ဟံဗွာကျေးရွာတွင် တိုက်ပွဲ မဖြစ်တော့သည်မှာ တစ်လကျော်ပြီ ဖြစ်သော်လည်း ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ PNO က မီးရှို့လိုက်သဖြင့် ပြည်သူများမှာ လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်သေးခြင်း ဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
“အိမ်ခြေ ၃၀ ကျော်ရှိတာကို PNO ကမီးရှို့လိုက်တာ ၈ အိမ်ပဲကျန်တော့တယ်။ ရွာမှာလည်း PNO တွေက ရှိနေတော့ မပြန်ရဲသေးဘူး။ တခြားရွာတွေဖြစ်တဲ့ ဗန်းမတ်တို့ကျတော့ အမျိုးသမီးအများစုက ပြန်ပြီ၊ ကျနော်တို့ရွာကျ ဘုန်းကြီးလည်း မရှိတော့ဘူး၊ ရွာလည်း ပျက်သွားသလို ဖြစ်နေပြီဆိုတော့ ဘာဆက်လုပ်ရမှန်းလဲ မစဉ်းစားတတ်တော့ဘူး။ အဲ့ကြောင့် တောတွေ ခြံတွေထဲမှာပဲ တဲထိုးပြီး နေနေရသေးတယ်”ဟု ဟံဗွာ ဒေသခံတစ်ဦးက ဆိုသည်။
ထိုသို့ တောထဲ ခြံထဲတွင် တဲထိုးကာ နေနေရခြင်းကြောင့် စားဝတ်နေရေးနှင့် ကျန်းမာရေးတွင် များစွာအခက်အခဲ ရှိနေသဖြင့် အကူအညီ လိုအပ်နေသည်ဟုလည်း သိရသည်။
“နေထိုင်မကောင်းဘူးဆိုရင် တောထဲမှာ ဆေးလည်းမရှိဘူး။ တခြားရွာကို သွားရတာလည်း အဝေးကြီးဆိုတော့ အခက်အခဲက အများကြီးပေါ့ဗျာ။ အကူအညီတွေလည်း မရှိဘူး၊ တချို့ကျ သားသမီးက ထိုင်းမှာရှိတော့ ငွေလွှဲလာပေးရင် ငွေလွှဲရှိတဲ့ရွာကို သွားပြီးထုတ်ရတာလည်း အဝေးကြီးပဲ။ သားသမီးအခံ မရှိတဲ့လူတွေက ပိုခက်ခဲတာပေါ့”ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုကို ထိုးစစ်ဆင်လာစဉ် ပအိုဝ်းကျေးရွာများ ဖြစ်သည့် ဟံဗွာ၊ ခိန်နန်၊ ပနားပန်၊ ဗန်းမတ်ရွာသစ်နှင့် ဒုံပုံးရွာသစ် စသည့် ၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
#MeKongNews
#တိုက်ပွဲ
#PNO
#မီးရှို့
#ဟံဗွာဒေသခံ








