မဲခေါင်၊ မတ် ၁၉
တောင်ကြီးမြို့အရှေ့ဘက် ၁၂ မိုင်အကွာရှိ ဟိုပုံးမြို့သို့သွားသည့် တောင်ကြီး-ဟိုပုံး လမ်းပိုင်းကို ၈ လမ်းသွားအဖြစ် တိုးချဲ့ရန် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသော အဆောက်အအုံများကို ဖယ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းလမ်းစီမံကိန်းသည် တောင်ကြီး-လွိုင်လင်-နမ့်စန် လမ်းပိုင်းတစ်လျှောက် လမ်းပြုပြင်တိုးချဲ့ခြင်းလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“လမ်းနယ်နိမိတ်က ၉၁ ပေလို့ သိရတယ်။ လမ်းနဲ့မလွတ်တဲ့ ဆိုင်တွေ၊ အိမ်တွေတင်မကဘူး ဘုန်းကြီးကျောင်းတောင် ပါတယ်။ ဆေးနီသုတ်ပြီး ကြက်ခြေခတ်ပြထားရင် မလွတ်ဘူးဆိုတာ ပြထားတာ။ အဲဒါတွေ အကုန်ဖြိုဖျက်ရမှာဆိုတော့ တချို့လည်း စပြီး ဖျက်နေကြပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
တောင်ကြီးကွန်ပျူတာတက္ကသိုလ်အကျော်ရှိ နေအိမ်နှင့် ခြံဝင်းများကိုလည်း ဆေးနီသုတ်၍ ကြက်ခြေခတ်အမှတ်အသားများ ပြုလုပ်ထားကြောင်း သိရသည်။
ယင်း တောင်ကြီး-လွိုင်လင်-နမ့်စန် လမ်းပိုင်းတိုးချဲ့ပြုပြင်ဖောက်လုပ်ခြင်းကို “နေမင်းရောင်” လမ်းဖောက်လုပ်ရေးကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိတွင် ထမ်းဆမ်းဂူအနီးရှိ တောင်ကြောနှင့် လွိုင်လင်တောင်ကြောတို့တွင်လည်း လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
Photo Credit – The Mountain’s Voice
#MeKongNews
#တောင်ကြီး
#ဟိုပုံး
#၈လမ်းသွား
#လမ်းနယ်နမိတ်








