မဲခေါင်၊ မတ် ၁၂
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းက ရွာသား ၄ ဦးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၁၀ ရက်၊ ညနေ ၆ နာရီခန့်တွင် စစ်ကောင်စီတပ်သည် ပုံဝိုးကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ကျေးရွာသား ၄ ဦးကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“ဘာမှမပြောဘဲ အိမ်တွေထဲဝင်ပြီး လူတွေကို ဆွဲဖမ်းသွားတာ။ တစ်ယောက်ဆိုရင် ကျောကို ဓားပြားနဲ့ ရိုက်ခံရတယ်။ ကားတွေကိုလည်း သိမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများမှာ စိုင်းမော့ (၂၂ နှစ်)၊ စိုင်းမိန်းဟန် (၂၅ နှစ်)၊ လုံးထွန်းဟန် (၄၄ နှစ်) နှင့် စိုင်းထွန်း (၂၄ နှစ်) တို့ဖြစ်ကြောင်း သိရသည်။
မတ်လ ၁၀ရက်၊ နံနက် ၁၁ နာရီခန့်က ကျောက်မဲအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) လက်အောက်ခံ ခမရ (၁၁၅) နှင့် ခမရ (၅၀၆) ပူးပေါင်းစစ်ကြောင်းက SSPP တပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုကဲ့သို့ ရွာသားများကို ဖမ်းဆီးသည့် ဖြစ်စဉ်ဖြစ်ပွားလာခြင်းဖြစ်သည်။
SSPP ဘက်ကမူ ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာအုပ်စုအတွင်းရှိ ပုံဝိုးရွာနှင့် ကွမ်ဟင်ရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီဘက်က စတင်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်အရ ခမရ (၁၁၅) မှ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းသည် SSPP တပ်စခန်းရှိရာသို့ ဝင်ရောက်လာပြီး စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ တိုက်ပွဲမှာ တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ အသေးစိတ် မသိရသေးပေ။
လက်ရှိတွင် စစ်ကောင်စီဘက်မှ ပုံဝိုး၊ ကွမ်ဟင်၊ တော်လေနှင့် လေလွယ်ကျေးရွာများတွင် စစ်အင်အား ဖြည့်တင်းထားသဖြင့် နှစ်ဖက်စစ်ရေး တင်းမာမှုများ ဆက်လက်ရှိနေကြောင်း သိရသည်။
#MeKongNews
#ကျောက်မဲ
#စစ်ကောင်စီ
#ပုံဝိုးရွာသား
#SSPP
#စကခ၁








