မဲခေါင်၊ မတ် ၁၁
မူးယစ်မှုဖြင့် ချိတ်ပိတ်သိမ်းဆည်းထားသည့် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်အတွင်းမှ နေအိမ်ခြံဝင်းအတွင်း၌ ရာအိမ်မှူးနှင့် နီးစပ်သူဆွေမျိုးများက အဆောက်အအုံကို ပြုပြင်ကာ ဝင်ရောက်နေထိုင်နေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။
ယင်းနေအိမ်သည် ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက မူးယစ်တရားခံပြေးတစ်ဦးထံမှ သိမ်းဆည်းထားခြင်းဖြစ်ပြီး ကနဦးတွင် ရာအိမ်မှူးက အပိုင်သိမ်းထားကြောင်း သတင်းများထွက်ပေါ်ခဲ့သဖြင့် အာဏာပိုင်များက တရားဝင် ချိတ်ပိတ်ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သို့သော် လက်ရှိတွင် ရာအိမ်မှူးနှင့် နီးစပ်သူများက ခြံစည်းရိုးနှင့် တံခါးများကို ဖျက်ဆီးကာ ဝင်ရောက်နေထိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အဲ့ဒီခြံဝန်းကို ပြီးခဲ့တဲ့နှစ်က အာဏာပိုင်တွေနဲ့ ဌာနဆိုင်ရာတွေ ရောက်လာပြီး တရားဝင် ချိတ်ပိတ်သွားတာပါ။ အခု ရာအိမ်မှူးနဲ့ နီးစပ်တဲ့ ပြည်သူ့စစ်တွေလို့ ပြောတဲ့သူတွေက ခြံတံခါးဖျက်ပြီး ခပ်တည်တည်ပဲ တက်နေကြတာ။ အဲ့ဒါအပြင် ဘေးအိမ်က ‘ထွန်းတောက်စံ’ ကုန်စုံဆိုင်ကလည်း စည်ပင်မသိအောင် ခြံစည်းရိုးဖျက်ပြီး အနောက်ဘက်ကနေ အိမ်ပြင်နေတယ်။ လူမသိအောင် နေကာစအမဲကြီးတွေနဲ့ ပိတ်ပြီး အိမ်ဆောက်နေတာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
ယင်းနေအိမ်မှာ ပါလျံ (၃) မီးပွိုင့်အနီးတွင် တည်ရှိပြီး ယခင်က ရပ်ကွက်ရုံးအဖြစ် ဖွင့်လှစ်ခဲ့ဖူးကာ ရာအိမ်မှူးက အပိုင်စီးရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်အတွင်း တရားဝင် သိမ်းဆည်းခံခဲ့ရခြင်း ဖြစ်သည်။
ခြံဝန်းအတွင်း ဝင်ရောက်နေထိုင်သူများမှာ ရပ်ကွက်ပြည်သူ့စစ်အဖြစ် လုပ်ကိုင်နေသူများဖြစ်ပြီး ရာအိမ်မှူးနှင့် နီးစပ်သည့် ဆွေမျိုးများဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
အာဏာပိုင်များက ချိတ်ပိတ်သိမ်းဆည်းထားသည့် နေအိမ်ကို ခွင့်ပြုချက်မရှိဘဲ ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းနှင့် ကျူးကျော်နေထိုင်ခြင်းတို့မှာ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုအပြင် အစိုးရမြေပေါ် ကျူးကျော်ဝင်ရောက်မှု ဖြစ်သဖြင့် ထိရောက်စွာ အရေးယူပေးစေလိုကြောင်း ဒေသခံများက မဲခေါင်သတင်းဌာနသို့ ပြောကြားထားသည်။
#MeKongNews
#တာချီလိတ်
#ရန်အောင်မြေရပ်ကွက်
#ရာအိမ်မှူး
#မူးယစ်မှု








