မဲခေါင်၊ မတ် ၉
၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၌ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့်အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ၏ ကဏ္ဍအသီးသီးတွင် ပါဝင်နေကြသည့် အမျိုးသမီးရဲဘော်များကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။
တော်လှန်ရေးခရီးစဉ်တစ်လျှောက်တွင် အမျိုးသမီးရဲဘော်များသည် ရှေ့တန်းတိုက်ခိုက်ရေးနှင့် စစ်ရေးကဏ္ဍများ၌ ထူးချွန်စွာ တာဝန်ထမ်းဆောင်နေကြသလို ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် မိသားစုရေးရာကဏ္ဍများတွင်လည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေကြကြောင်း၊ ယင်းသို့ ဆောင်ရွက်နေသည့် KNDF အမျိုးသမီးရဲဘော်များနှင့်အတူ နယ်ပယ်အသီးသီးရှိ အမျိုးသမီးများအားလုံးကို မိမိတို့ KNDF အနေဖြင့် အစဉ်လေးစားဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခေတ်အဆက်ဆက် ဖိနှိပ်မှုများကို ပုံစံမျိုးစုံဖြင့် ဆန့်ကျင်တွန်းလှန်ပြီး မတရားမှုကို တော်လှန်ခဲ့သည့် အမျိုးသမီးထု၏ စိတ်ဓာတ်ကို အရင်းခံကာ ယနေ့တော်လှန်ရေးတွင်လည်း ရဲရဲဝံ့ဝံ့ ရှေ့တန်းမှ ရပ်တည်နေကြသူများ ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် တော်လှန်ရေးနောက်ကွယ်မှ ပံ့ပိုးပေးနေသော မိခင်များ၊ အိမ်ထောင်ရှင်ဇနီးများနှင့် အမျိုးသမီးထုတစ်ရပ်လုံး၏ အားပေးကူညီမှုများမှာ တော်လှန်ရေးအတွက် အစားထိုး၍မရသော ခွန်အားများဖြစ်သည်ဟု KNDF က ထုတ်ပြန်ဂုဏ်ပြုထားသည်။
#MeKongNews
#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
#အမျိုးသမီးရဲဘော်
#KNDF
#တော်လှန်ရေး








