မဲခေါင်၊ မတ် ၇
စက်သုံးဆီ ပြတ်လပ်လာမှုကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းဒေသတွင် စစ်ဘေးရှောင်စခန်းများသို့ အခမဲ့ ရေပေးဝေနေသည့် လုပ်ငန်းများ ရပ်တန့်သွားနိုင်ကြောင်း စစ်ရှောင်ကူညီရေး အဖွဲ့များက ပြောသည်။
ကရင်နီ ဒေသအတွင်း ရေရှားပါးသည့် ပြဿနာရှိနေပြီး ရေတင်ခြင်းနှင့် ရေပေးဝေခြင်း လုပ်ငန်းများကို စက်သုံးဆီအသုံးပြု၍ လည်ပတ်ရသည့်အတွက် ဆီမရရှိပါက ရေပေးဝေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ခက်ခဲလာနေကြောင်း သိရသည်။
“ဒီဘက်ဒေသက ရေရှားတဲ့ နေရာဆိုတော့ ရေတင်တာ၊ ရေကားနဲ့ သယ်တာတွေက ဆီမရှိရင် လုံးဝလုပ်လို့မရဘူး။ အခုဆိုရင် ရေဖြန့်ပေးတဲ့ လုပ်ငန်းတွေတောင် ရပ်ရမယ့်အခြေအနေ ဖြစ်လာနေတယ်” ဟု စစ်ရှောင်ကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကရင်နီပြည်ရှိ စစ်ဘေးရှောင်စခန်းများတွင် နှစ်စဉ် ဆောင်းအကုန် နွေကူးကာလတွင် သောက်သုံးရေရှားပါးမှုကို ကြုံတွေ့ရလေ့ရှိပြီး ယခုနှစ်တွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ရေအထောက်အပံ့လုပ်ငန်းများ ပိုခက်ခဲလာကြောင်း ကူညီရေးအဖွဲ့များက ဆိုသည်။
“လောလောဆယ် ရေကားတွေကို ရပ်ထားရတဲ့အခြေအနေ ဖြစ်နေတယ်။ လက်ကျန်ဆီနည်းနည်းနဲ့ အရေးပေါ်လိုတဲ့ စခန်းတွေကိုပဲ ကူညီပေးနိုင်တော့တယ်။ ဆီလည်း ဈေးတက်ပြီး ရှာလို့မလွယ်တော့ဘူး” ဟု ကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။
စက်သုံးဆီ ပြတ်လပ်မှုကြောင့် စစ်ရှောင်စခန်းများသို့ ရေပေးဝေမှုအပြင် ကူညီရေးအဖွဲ့များ၏ သွားလာရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများပါ အခက်အခဲများ ပိုမိုကြုံတွေ့လာနိုင်ကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယခုရက်ပိုင်းအတွင်း ဒီးမော့ဆိုအနောက်ခြမ်းဒေသတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီး တချို့နေရာများတွင် ဆီဝယ်ယူရန်ပင် ခက်ခဲနေကြောင်း သိရသည်။
စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းမှာ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာပြီးနောက် ကမ္ဘာ့ရေနံ ဈေးနှုန်းများ ထိုးတက်လာခြင်းနှင့် ဆက်စပ်နေကြောင်း သတင်းများက ဆိုသည်။
#MeKongNews
#စက်သုံးဆီ
#ပြတ်လပ်မှု
#ဒီးမော့ဆိုအနောက်ခြမ်း
#စစ်ရှောင်စခန်း
#ရေအကူညီပေးမှု








