မဲခေါင်၊ မတ် ၅
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် အင်တော-ကျောက်ဂူလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP တပ်စခန်း လေးခုထက်မနည်းကို စစ်ကောင်စီက ဆုတ်ခွါခိုင်းထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်တွင် SSPP နှင့် စစ်ကောင်စီ PNOပြည်သူ့စစ်ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာမှု ဖြစ်ပွားပြီးနောက် ရှမ်းမြောက်နှင့်ရှမ်းတောင်ဆက်သွယ်ထားသည့် ရပ်စောက်မြို့နယ်ဘက်တွင်ပါ စစ်ကောင်စီက SSPP တပ်ဖွဲ့ကို တပ်ပြန်ဆုတ်ခိုင်းခြင်းဖြစ်သည်။
“စစ်တပ်က လမ်းမကြီးပေါ်မှာရှိတဲ့ SSPPစခန်းတွေ အကုန်လုံးကို ရုပ်သိမ်းဖို့ ခိုင်းထားတယ်။ ရွာတွေဘက်က စခန်းတွေတော့ မကြားမိဘူး။ ရှမ်းမြောက်နဲ့ရှမ်းတောင် ချိတ်ထားတဲ့ ကျောက်ဂူ-အင်တောလမ်းမကြီးပေါ်က စခန်းတွေ ဂိတ်တွေကို ဆုတ်ခိုင်းတာပေါ့။”ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။
လက်ရှိအချိန်တွင်မူ SSPPက တပ်ဆုတ်သွားခြင်းမရှိသေးပဲ ကျေးရွာအချို့တွင်လည်း တပ်စွဲထားဆဲဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်ကပြောသည်။
“အဲ့ဒီလမ်းကြောင်းက အရင်တုန်းက တောင်ခမ်းမှာ တိုက်ပွဲဖြစ်နေချိန်ဆို စစ်ကောင်စီရဲ့ အဓိက ထောက်ပို့လမ်းကြောင်းဖြစ်တယ်လေ။ အဲ့အချိန်က တိုက်ပွဲဖြစ်နေတော့ SSPP တပ်က လမ်းပေါ်ရှိတာကို သူတို့မကြိုက်ပေမယ့် မဆုတ်ခိုင်းရဲဘူး။ အခုက မြောက်ပိုင်းအဖွဲ့တွေနဲ့ အပစ်ရပ်ကုန်ပြီဆိုတော့ လမ်းမကြီးပေါ်မှာ တခြားတဖွဲ့ရှိတာကို မကြိုက်လို့ ဖယ်ရှားချင်နေတာရှင်းရှင်းလေးပါပဲ။နယ်မြေစိုးမိုးမှု ပြန်ယူတာပေါ့ဗျာ”ဟု ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။
မိုင်းပွန်တွင် စစ်ကောင်စီနှင့်PNOပြည်သူ့စစ်က SSPP တပ်အား ကျောက်တန်း-ပင်လုံလမ်းမကြီး တောင်ဘက်မှ လမ်းမကြီးမြောက်ဘက်သို့ တပ်ဆုတ်ခိုင်းရာမှ တင်းမာမှုဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန်အင်အားဖြည့်ကာ ကိုယ်စီအနည်းငယ် တပ်ဆုတ်သွားခဲ့သည်။
ထိုသို့ စစ်ရေးတင်းမာနေစဉ်တွင်ပင် ရပ်စောက်မြို့နယ် ကျောက်ဂူ-အင်တောဘက်တွင်လည်း စစ်ကောင်စီက SSPPအားထပ်မံတပ်ဆုတ်ခိုင်းခြင်းဖြစ်သည်။
ရပ်စောက်မြို့နယ်တွင် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်တပ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS နှင့် ဓနုတော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားနေလျက်ရှိသည်။
#MeKongNews
#SSPP
#ရပ်စောက်
#စစ်ကောင်စီ
#ကျောက်ဂူ
#အင်တော








