မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမက်ဒေသအနီးရှိ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် – PNLA ၏ ဌာနချုပ်ဟောင်းကို စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်-PNO/PNA တပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။
ခွန်ရိန်းယံ၏ ပြောကြားချက်အရ ဗန်းမက်ဒေသသည် လက်ရှိ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် – PNLA ၏ ဌာနချုပ်တည်ရှိရာ နေရာမဟုတ်တော့ကြောင်း၊ စစ်ရေးအခြေအနေကို တွက်ဆကာ ဌာနချုပ်ကို ပြီးခဲ့သည့် တစ်နှစ်နီးပါးခန့်ကတည်းက ပြောင်းရွှေ့ပြီးသား ဖြစ်ကြောင်း၊ ဗန်းမက်ကျေးရွာအနီးအနားရှိ နေရာများမှာ ယခင် ဌာနချုပ်တည်ရှိရာ နေရာဟောင်းများသာ ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် – PNLA ဘက်က ဌာနချုပ်ဟောင်းကို သိမ်းပိုက်မခံရစေရန် အတတ်နိုင်ဆုံး တားဆီးခဲ့ရာ တိုက်ပွဲအတွင်း ပအိုဝ်းပြည်သူ့စစ် – PNO/PNA ဘက်မှ တပ်သား ၂၀၀ ကျော် ကျဆုံးခဲ့ကြောင်းလည်း ခွန်ရိန်းယံက ပြောသည်။
ထိုသို့ အကျအဆုံးများ ဖြစ်ပွားပြီးနောက် PNO ဘက်မှ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
“ဗန်းမက်ဒေသက ကျွန်တော်တို့ နောက်ဆုတ်သွားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဌာနချုပ်ဟောင်းနေရာ တချို့ကိုသာ သူတို့က ဝင်ရောက်မီးရှို့ခဲ့တာပါ။ ဒါ့အပြင် သူတို့ မီးရှို့လိုက်တဲ့ အဆောက်အအုံတွေထဲမှာ ကျွန်တော်တို့ရဲ့ ဌာနချုပ်ဟောင်းအဆောက်အအုံတွေ ပါတယ်။ တချို့အဆောက်အအုံတွေကတော့ ဒေသခံပြည်သူတွေအတွက် အုပ်ချုပ်ရေးဌာနက ဆောက်လုပ်လှူဒါန်းထားတဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဒေသခံအုပ်ချုပ်ရေးရုံးတွေပါ ပါဝင်ပါတယ်” ဟု ခွန်ရိန်းယံက မဲခေါင်သို့ ပြောသည်။
ယင်းမီးရှို့ဖျက်ဆီးမှုများကြောင့် ဗန်းမက်ရွာသစ်ကို ရွာလုံးကျွတ် မီးရှို့ခံခဲ့ရသည့်အပြင် ဗန်းမက်ရွာ၊ မုဲင်းဟုဲင်းရွာနှင့် ဟံဗွာရွာများမှ နေအိမ်နှင့် အဆောက်အအုံ စုစုပေါင်း ၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“PNO တပ်ဖွဲ့တွေ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ရွာသား ၃ ထောင်ကျော် စစ်ဘေးရှောင်ခဲ့ရပါတယ်။ လက်ရှိအချိန်ထိ အမျိုးသမီးအချို့သာ ရွာမပြန်ရဲသေးပြီး အမျိုးသားတွေကတော့ မပြန်ရဲသေးပါဘူး” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောကြားသည်။
PNO ဘက်မှ ဗန်းမက်ဒေသသို့ ထိုးစစ်စတင်လာခြင်းမှာ ပြီးခဲ့သည့် တစ်ပတ်ခန့်က ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်၊ ၁၇ ရက်ဝန်းကျင်မှ စတင်ခဲ့ကြောင်း၊ လက်ရှိအချိန်ထိ ကဒူးကြီးဒေသအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
#MeKongNews
#ဗန်းမက်
#PNLA
#PNO
#ပအိုဝ်းပြည်သူ့စစ်
#မီးရှို့ဖျက်ဆီး








