မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါနှင့် မိုင်းရယ်မြို့နယ်များအတွင်းရှိ အကြီးစား မူးယစ်ဆေးဝါး ထုတ်လုပ်ရေးစခန်းများနှင့် ကျားဖြန့်လုပ်ငန်းများကို လာဘ်ငွေယူ၍ ခွင့်ပြုပေးခဲ့သည့် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်တို့ကို တရုတ်နိုင်ငံ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးအရေးယူထားကြောင်း စစ်ရေးဆိုင်ရာ သတင်းရင်းမြစ်များထံမှ သိရသည်။
မူးယစ်ဆေးချက်စခန်းများနှင့် ကျားဖြန့်လုပ်ငန်းများကို ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမှုများပြုလုပ်ရာတွင် ယင်းလုပ်ငန်းများကို နယ်မြေခံမူးယစ်ရဲများက လာဘ်ယူခွင့်ပြုထားရုံသာမက ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများပါ ပါဝင်ပတ်သက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဝန်ကြီးနှင့် ဒုဝန်ကြီးတို့ကို ရာထူးမှထုတ်ပယ်ကာ အရေးယူလိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တောင်ကြီးက မူးယစ်ရဲတွေနဲ့ နယ်မြေခံရဲတွေလည်း အများကြီး အဖမ်းခံထားရတယ်။ ကြားရသလောက်တော့ ဝန်ကြီးတွေကိုယ်တိုင်က ခွင့်ပြုထားတာဆိုတော့ အောက်ခြေက ဘာမှလုပ်လို့မရဘူးလို့ ပြောကြတယ်” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံမှ စစ်ကောင်စီဥက္ကဋ္ဌထံသို့ တိုက်ရိုက်ဆက်သွယ် သတင်းပေးခဲ့ခြင်းဖြစ်ပြီး ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်မှာ အဓိက ပါဝင်ပတ်သက်နေသူဖြစ်ကာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်မှာမူ ကန်တော့ကြေး (လာဘ်ငွေ) များ ရယူခဲ့မှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ဒုဝန်ကြီး အောင်ကျော်ကျော်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် ဖမ်းဆီးခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ဝန်ကြီး ထွန်းထွန်းနောင်ကို ဇန်နဝါရီ ၂၇ ရက်တွင် ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကိုလည်းကောင်း၊ ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် မင်းသူကိုလည်းကောင်း အစားထိုး တာဝန်ပေးထားကြောင်း ထုတ်ပြန်ထားသည်။
မူးယစ်ဆေးချက်စခန်းများ ဖမ်းဆီးရမိသည့်နေရာမှာ SSPP လှုပ်ရှားရာနယ်မြေများဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလန်) တွင် တိုင်းစစ်ဌာနချုပ်မှူး တာဝန်ယူခဲ့ဖူးသူဖြစ်သဖြင့် SSPP နှင့် နီးစပ်သည့် ဆက်ဆံရေးရှိကြောင်းလည်း စုံစမ်းသိရှိရပါသည်။
#MeKongNews
#ရှမ်းမြောက်
#မူးယစ်ဆေးချက်စခန်း
#ပြည်ထဲရေးဝန်ကြီး
#ထွန်းထွန်းနောင်
#အောင်ကျော်ကျော်








