မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို မကြာသေးမီ သီတင်းပတ်များအတွင်း နှိမ်နင်းခဲ့ရာ ကျားဖြန့်စင်တာ ၂၀၀ နီးပါးကို ပိတ်သိမ်းနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားအစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ထို့ပြင် အာဏာပိုင်များသည် သတင်းထောက်များကို ကျားဖြန့်စင်တာတစ်ခု အတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့် ပေးခဲ့သည်။
“အခုဆိုရင် ကျနော်တို့ ပိတ်ပစ်လိုက်တဲ့နေရာ ၁၉၀ လောက် ရှိသွားပါပြီ” ဟု အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကော်မရှင်၊ ကမ္ဘောဒီးယားအတွင်းဝန်ရုံး ဒုတိယအကြီးအကဲ ချေးဆီနာရစ်သ်က ဖနွမ်းပင်မြို့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက စတင်ခဲ့သော ယင်းစစ်ဆင်ရေးအတွင်း စင်တာများနှင့် ဆက်စပ်သည့် အဓိကတရားခံ ၁၇၃ ဦးကို ဖမ်းဆီးခဲ့ပြီး၊ အလုပ်သမား ၁၁၀၀၀ ကို နေရပ်ပြန်ပို့ခဲ့သည်ဟု ၎င်းက ဆိုသည်။
လူကုန်ကူးခံရပြီး ရက်စက်သော အခြေအနေများတွင် ထိန်းချုပ်ခံထားရသူများ အပါအဝင် ထောင်နှင့်ချီသော စင်တာလုပ်သားများသည် မကြာသေးမီ သီတင်းပတ်များအတွင်း ကျားဖြန့်ဝန်းများမှ ထွက်ပြေးခဲ့ကြသည်။
ယင်းအခြေအနေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Amnesty International က ထောက်ပြ ပြောဆိုထားသည်။
ဗီယက်နမ်နယ်စပ် ကမ်ပေါ့ ပြည်နယ်ရှိ ကျားဖြန့်ခြံဝင်းအတွင်း သတင်းထောက်များ ဝင်ရောက် ကြည့်ရှုစဉ် ကွန်ပျူတာစာပွဲများ အစီအရီရှိသော အလုပ်ခန်းများ၊ ထိုင်းနိုင်ငံသားများကို လိမ်လည်ရန် ညွှန်ကြားထားသော လက်စွဲစာရွက်များ၊ ဖုန်းခေါ်ဆိုရန် အသံလုံအခန်းငယ်များ၊ အိန္ဒိယရဲစခန်းအတု အဖြစ် ဖန်တီးထားသည့် အခန်းတစ်ခုတို့ကို တွေ့ရှိခဲ့ရသည်။
My Casino ဟု လူသိများသော ကမ်ပေါ့ကာစီနိုဝင်းအတွင်း ဖမ်းဆီးမှုများ မပြုလုပ်နိုင်ခဲ့ကြောင်း၊ ယင်းလုပ်ငန်းရှင် လိုင်ကွမ်းကို ဖမ်းဆီးချိန်တွင် အလုပ်သမားများ ထွက်ပြေး လွတ်မြောက်သွားကြောင်း အာဏာပိုင်များက ဝန်ခံသည်။
“ပြည်နယ်တစ်ခုလုံးမှာ ရဲအင်အား ၁၀၀၀ နဲ့ စစ်ရဲ ၃၀၀ ပဲရှိတာပါ။ အားလုံး ပေါင်းလိုက်ရင်တောင် ကာစီနိုဝင်းထဲက ထွက်ပြေးသွားတဲ့ လူ ၆ ထောင် နဲ့ ၇ ထောင်ကြားကို တားဆီးဖို့ မဖြစ်နိုင်ပါဘူး” ဟု အစိုးရ စီစဉ်သော ခရီးစဉ်အတွင်း ကမ်ပေါ့ပြည်နယ် ရဲမှူးကြီး ချန်မိုသူရစ်သ်က ရှင်းပြခဲ့သည်။
ဒီဇင်ဘာလအတွင်းကလည်း ထိုင်းတပ်ဖွဲ့များသည် ကမ္ဘောဒီးယားနယ်စပ်ရှိ ကျားဖြန့်ဝင်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး မီဒီယာများကို ပြသခဲ့သည်။
ယခု ကမ္ဘောဒီးယားဘက်မှ ကမ်ပေါ့ခရီးစဉ်မှာ ယင်းဖြစ်စဉ်အပြီး တစ်ပတ်အကြာတွင် ပေါ် ထွက်လာခြင်း ဖြစ်သည်။
အေးကျော်
Ref:Reuters
#MeKongnews
#ကျားဖြန့်စင်တာ
#ပိတ်သိမ်း
#ကမ္ဘောဒီးယား
#ထုတ်ပြန်








