မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်၊ လယ်ကိုင်းရွာမှ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လက် နက်ကိုင်တစ်ဖွဲ့က ခေါ်ဆောင်သွားခဲ့သူ ဒေသခံ ၄ ဦး ကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် သေဆုံးလျက် ပြန်တွေ့ရကြောင်း ဒေသသတင်းအရင်းအမြစ်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်တွင် အရပ်ဝတ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ လယ်ကိုင်းရွာအတွင်း ဝင်ရောက်လာပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦး တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်အကြာတွင် ရွာမြောက်ဘက် မနီးမဝေး ချောင်းရိုးအတွင်း သေဆုံးလျက် ပြန်တွေ့ရခြင်း ဖြစ်သည်။
သေဆုံးသူများမှာ အသက် ၅၄ နှစ်အရွယ် ဦးစံရွှေမြင့်၊ အသက် ၄၃ နှစ်အရွယ် ဦးကျော်မိုးသူ၊ အသက် ၄၄ နှစ်အရွယ် မဝေဆုလှိုင်နှင့် အသက် ၆၃ နှစ်အရွယ် အမည်အသိ အမျိုးသားတစ်ဦးတို့ ဖြစ်သည်။
“သူတို့က သာမန် အရပ်သားတွေပဲ၊ ဘာကြောင့် ဘယ်အဖွဲ့က သတ်တယ်ဆိုတာ မသိရသေးဘူး။ အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရွာငံမြို့နယ်အတွင်း တော်လှန်ရေးတပ်များက ဒလန်နှင့် စစ်ကောင်စီ ထောက်တိုင်များကို ရှင်းလင်းမှုများရှိနေသော်လည်း ယခုဖြစ်စဥ်ကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း အသိပေးထုတ်ပြန်ခြင်း မရှိသေးသလို အကြောင်းအရင်းကိုလည်း မသိရသေးပေ။
ယင်းနယ်မြေအတွင်း DSNDA ၊ အမှတ် – ၁၀၀၃ Danu PDF နှင့် DPLA ပူးပေါင်း ဂျိုးဖြူအဖွဲ့တို့ လှုပ်ရှားလျက်ရှိသည်။
#MeKongnews
#ရွာငံ
#လက်နက်ကိုင်
#ဒေသခံ
#ရုပ်အလောင်း
#ပြန်တွေ့








